အစိုးရစက်မှုလက်မှုသိပ္ပံများ၏ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို Online မှတစ်ဆင့်ကျင်းပပြုလုပ်

AGTI Course

စက်တင်ဘာလ (၉)ရက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများတွင် နိုင်ငံ တကာအဆင့်မီ Dublin Accord နှင့်အညီ A.G.T.I ဒီပလိုမာသင်တန်းများ၏ သင်ရိုးညွှန်းတမ်းများ ပြောင်းလဲဆောင်ရွက် နိုင်ရေးအတွက် အစိုးရစက်မှု လက်မှုသိပ္ပံများ၏ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)” ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးအား စတင်ခဲ့ ပါသည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဉာဏ်မြင့်ကျော် က   A.G.T.I ဒီပလိုမာ သင်တန်းများအတွက် OBE ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း ပြောကြားခြင်း၊ သင်ရိုးညွှန်းတမ်းဌာနခွဲမှ ဒေါက်တာပြည့်ကျော်သူ က A.G.T.I ဒီပလိုမာသင်တန်းများ၏ ဘာသာရပ် ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း များပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်လာသူများမှ သိလိုသည်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၏ သင်ရိုး ညွှန်းတမ်းများကို နိုင်ငံတကာအဆင့်မီ Dublin Accord နှင့်အညီ ပြောင်းလဲဆောင်ရွက်ရာ၌ Phase I တွင် ပြောင်းလဲဆောင်ရွက်မည့် Compulsory Module နှင့် Common Core Module  များနှင့် စပ်လျဉ်း၍လည်းကောင်း၊  Phase II တွင် ပြောင်းလဲ ဆောင်ရွက်မည့် Industrial ၏ ကျွမ်းကျင်မှုလိုအပ်ချက်၊ အသိပညာ လိုအပ်ချက်၊ အရည်အချင်းလိုအပ်ချက်များကို အခြေခံသော Discipline Core ဘာသာရပ်များကို ရေးဆွဲမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သင်ရိုးညွှန်းတမ်းဌာနခွဲမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း၊ ရန်ကုန်)မှ ကျွမ်းကျင် ပညာရှင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ ကျွမ်းကျင် ပညာရှင်များ၊ မြန်မာနိုင်ငံ ဂျီတီအိုင် ကျောင်းသားဟောင်းများအသင်း (Myanmar AGTI Society)မှ ကျွမ်းကျင် ပညာရှင်များ၊ သက်ဆိုင်ရာ ကောလိပ်နှင့်သိပ္ပံများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများနှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အဖွဲ့ဝင်ဆရာ၊ ဆရာမများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။