UNESCO-UNEVOC ဆိုတာ
UNESCO-UNEVOC ဆိုသည်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း(The United Nations Educational, Scientific and Cultural Organization-UNESCO) ၏ ဌာနငယ်တစ်ခုဖြစ်သည့် နိုင်ငံတကာ နည်းပညာနှင့် သက်မွေးပညာနှင့် လေ့ကျင့်ရေးစင်တာ (International Centre for Technical and Vocational Education and Training) ကို ဆိုလိုပါသည်။ ဤဌာနသည် ကမ္ဘာလုံးဆိုင်ရာ TVET ကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် UNESCO ၏ မဟာဗျူဟာတစ်ခုအဖြစ် ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဂျာမနီနိုင်ငံ၊ Bonn ရှိ United Nations Campus တွင် တည်ရှိပြီး UNESCO နှင့် ဂျာမနီအစိုးရနှစ်ရပ်စလုံးမှ ငွေကြေးထောက်ပံ့ထားပါသည်။ UNEVOC သည် ကမ္ဘာလုံးဆိုင်ရာ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ၊ သုတေသနများ၊ နည်းလမ်း ဖလှယ်မှုများနှင့် စွမ်းအားမြှင့်တင်ရေး လှုပ်ရှားမှုများကို ဦးစီး ဆောင်ရွက်လျက်ရှိပါသည်


ဂျာမနီနိုင်ငံ၊ Bonn ရှိ United Nations Campus
ရည်ရွယ်ချက်
UNEVOC ၏ အဓိကရည်ရွယ်ချက်မှာ –
- နိုင်ငံပေါင်းစုံအတွင်း TVET စနစ်များကို တိုးတက်စေခြင်း။
- အလုပ်အကိုင်ဖန်တီးမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း။
- စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (SDGs) အထူးသဖြင့် SDG 4 (ပညာရေးအရည်အသွေးမြှင့်တင်ရေး) နှင့် SDG 8 (အလုပ်အကိုင်ကောင်းများနှင့် စီးပွားရေးတိုးတက်မှု) ရရှိနိုင်ရေး ပံ့ပိုးခြင်း။
- TVET မှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပံ့ပိုးခြင်းတို့ ဖြစ်ကြပါသည်။
တာဝန်များနှင့် အခန်းကဏ္ဍ
UNEVOC ၏ အဓိကတာဝန်များမှာ –
(၁) သုတေသနနှင့် အသိပညာဖလှယ်မှု – TVET ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နည်းလမ်းများကို ဖလှယ်ပေးခြင်း။
(၂) စွမ်းရည်မြှင့်တင်ရေး – TVET ဆရာများ၊ သုတေသနသူများနှင့် မူဝါဒရေးဆွဲသူများအတွက် သင်တန်း များနှင့် အလေ့အထများ ပေးအပ်ခြင်း။
(၃) Global Network တည်ဆောက်ခြင်း – နိုင်ငံပေါင်းစုံမှ UNEVOC Centers များအား ချိတ်ဆက်ပေးပြီး အကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း။
(၄) မူဝါဒထောက်ပံ့မှု – နိုင်ငံအသီးသီး၏ TVET မူဝါဒဖွံ့ဖြိုးမှုများတွင် အကြံပေးမှုနှင့် အထောက်အပံ့ပေး ခြင်း။
TVET ကဏ္ဍအတွက် UNEVOC ၏ ဆောင်ရွက်နေမှုများ
UNEVOC သည် TVET ဖွံ့ဖြိုးမှုအတွက် များစွာသော လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါသည်။
အထူးသဖြင့် –
(၁) Greening TVET – တာဝန်ရှိသော နည်းပညာအသုံးပြုမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အခြေခံ သင်တန်းများဖန်တီးခြင်း။
(၂) Digitalization of TVET – e-learning platforms၊ digital tools အသုံးပြု၍ TVET သင်ကြားမှုများ ခေတ်မီစေခြင်း။
(၃) Entrepreneurship Skills Development – TVET သင်တန်းသားများအတွက် စီးပွားရေးစွမ်းရည် မြှင့်တင်ရေးအစီအစဉ်များ ဖော်ဆောင်ခြင်း။
(၄) Inclusivity and Gender Equality – မည်သည့်မျိုးနွယ်စု၊ ကျားမမျှသာရေး၊ လူမတန်းတူရေးမဆို ပါဝင် နိုင်စေသော TVET ပုံစံဖွဲ့စည်းခြင်း။
(၅) Youth Employment and Workforce Readiness – လူငယ်များအလုပ်အကိုင်ရရှိမှုမြှင့်တင်ရေး အစီအစဉ်များ ဖော်ဆောင်ခြင်း။
Myanmar UNEVOC Center
မြန်မာနိုင်ငံတွင် Myanmar UNEVOC Center ကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်)တွင် တည်ထောင်ထားပြီး UNESCO-UNEVOC Global Network ၏ အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်လျက်ရှိသည်။ Myanmar UNEVOC Center ၏ အဓိကလုပ်ငန်းတာဝန်များမှာ-
(၁) မြန်မာနိုင်ငံ၏ TVET စနစ်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း။
(၂) မိမိနိုင်ငံအတွင်း TVET သုတေသနလုပ်ငန်းများ ဦးဆောင်ခြင်း။
(၃) နိုင်ငံတကာ UNEVOC ကွန်ရက်တွင် မြန်မာနိုင်ငံ TVET ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံ များဖလှယ်ခြင်း။
(၄) TVET ပညာရေးတွင် အမျိုးသမီးများနှင့် ကျောင်းသူကျောင်းသားများပါဝင်မှု တိုးမြှင့်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း။
(၅) Greening TVET ၊ Digitalization of TVET စသည့် Global Initiatives များတွင် ပါဝင်ဆောင်ရွက်ခြင်း။
မြန်မာ UNEVOC Center သည် အဓိကအားဖြင့် Technical and Vocational Education and Training Department (DTVET) မှ ဦးဆောင်ပြီး TVET ပူးပေါင်းမှုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လျက်ရှိပါသည်။
နိဂုံး
UNESCO-UNEVOC သည် ကမ္ဘာလုံးဆိုင်ရာ TVET ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ကြီးမှူး ဆောင်ရွက်နေသည့် အဖွဲ့တစ်ခုဖြစ်ပါသည်။ TVET ကဏ္ဍတွင် နည်းပညာအသစ်များ မြှင့်တင်ခြင်း၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် ဖန်တီးရေး တိုးတက်စေ ရန်အတွက် UNESCO-UNEVOC ၏ ဆောင်ရွက်မှုများသည် အလွန်အရေးကြီးပါသည်။ မြန်မာနိုင်ငံသည်လည်း Myanmar UNEVOC Center မှတဆင့် TVET ဖွံ့ဖြိုးတိုးတက်မှု များအတွက် နိုင်ငံတကာအတွေ့အကြုံများမှ သင်ခန်းစာများရယူ၍ ဆောင်ရွက်လျက်ရှိသကဲ့သို့ UNESCO-UNEVOC Network အဖွဲ့ဝင်နိုင်ငံများနှင့်လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
မော်ထွန်း(ပညာရေး)