ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း၌ (၂-၁၁- ၂၀၂၅) မှ (၄-၁၁-၂၀၂၅) အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ပြိုင်ပွဲတွင် (၂-၁၁-၂၀၂၅) ရက်နေ့ ညအခါ သမယ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ စိန်နားပန်မီးပုံးပျံဖြင့် လွှတ်တင်ပူဇော်ကာ ပါဝင် ယှဉ်ပြိုင်ခဲ့ပါ သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်အားပေးကြပါသည်။
စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်စဉ် ဝန်ထမ်းများက “သိပ္ပံနှင့်နည်းပညာ” နှင့် “တောင်ယာဝင်ချိန်” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခြင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အကတစ်ခုဖြစ်သည့် ဦးရွှေရိုးနှင့်ဒေါ်မိုး အကကို အိုးစည်ဒိုးပတ်ဝိုင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ရှမ်းအိုးစည်အဖွဲ့မှရှမ်းရိုးရာအကတို့ဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ပြီး တာဝန်ရှိသူများနှင့်အထောက်အကူပြုအဖွဲ့မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကိုယ်စားပြု စိန်နားပန်မီးပုံပျံအား တပျော်တပါး အောင်မြင်စွာ လွှတ်တင်ပူဇော်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့အပြင် ဝန်ထမ်းများက တန်ဆောင်တိုင်ပွဲတော်အတွင်းရောင်စုံမီးပုံးပျံအသေး အလုံး (၁၀၀၀) ကိုလည်း လွှတ်တင်ပူဇော်ခဲ့ကြပါသည်။
၂၀၂၅ ခုနှစ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်သည့်တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ “စည်းကမ်းလိုက်နာမှုအကောင်းဆုံးဆု” ကိုရရှိခဲ့ပါသည်။





