နိဒါန်း
ယနေ့ခေတ်မှာ နည်းပညာတိုးတက်မှုနဲ့ စီးပွားရေးပြောင်းလဲမှုတွေဟာ လူငယ်တွေရဲ့ အနာဂတ်အလုပ် အကိုင်အခွင့်အလမ်းတွေကို အမြန်ဆုံးပြောင်းလဲလာစေပါတယ်။ အလုပ်အကိုင် ဈေးကွက်မှာ ယှဉ်ပြိုင်နိုင် ဖို့၊ ကိုယ်ပိုင်စီးပွားရေး စွန့်ဦးတီထွင်နိုင်ဖို့ဆိုရင် နည်းပညာနဲ့ စီးပွားရေးပညာရပ်နှစ်ခုလုံးကို တွဲဖက်သင်ယူ ရတာ မဖြစ်မနေလိုအပ်လာပါတယ်။ ဒါ့ကြောင့်ပဲ TVET သင်ရိုးထဲမှာ နည်းပညာနဲ့ စီးပွားရေးပညာကို ပေါင်းစပ်သင်ကြားခြင်းဟာ အရေးကြီးလာပါတယ်။ ဒီလို နည်းပညာနှင့် အတူ စီးပွားရေးပညာပါ ပေါင်းစပ် သင်ကြားမှုဟာ ကျောင်းသားတွေကို နည်းပညာနှင့် စီးပွားရေးအရည်အချင်းနှစ်မျိုးစလုံးရရှိအောင် ပြင်ဆင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ TVET သင်တန်းသားတွေအတွက် နည်းပညာ အခြေပြုစွန့်ဦးတီထွင်မှု (Technopreneurship) ရဲ့ အရေးပါမှု၊ TVET ကဏ္ဍအတွင်းမှာ တကယ် တိုးတက် စေတဲ့ အချက်တွေ၊ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့အတူ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးဖော်ပြ သွားမှာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်
ဆောင်းပါးရဲ့ အဓိကရည်ရွယ်ချက်ကတော့ TVET ပညာရေးမှတစ်ဆင့် လူငယ်များ၏ အလုပ်အကိုင်ရရှိ နိုင်မှုနှင့် စီးပွားရေးတိုးတက်မှုကို တိုးမြှင့်နိုင်ရန် နည်းပညာအခြေပြု စွန့်ဦးတီထွင်မှု (Techno- preneurship ) ရဲ့ အရေးပါမှုကို ဖော်ထုတ်ခြင်းပဲ ဖြစ်ပါတယ်။
နည်းပညာအခြေပြု စွန့်ဦးတီထွင်မှု (Technopreneurship ) ဆိုတာဘာလဲ
Technopreneurship ဆိုတာကတော့ နည်းပညာ (Technology) နှင့် စွန့်ဦးတီထွင်မှု (Entrepre-neurship) တို့ကို ပေါင်းစပ်ထားသော စကားလုံးတစ်လုံးဖြစ်ပြီး နည်းပညာကို အခြေခံပြီး စီးပွားရေး လုပ်ငန်းတစ်ခုကို တည်ထောင်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ရည်ညွှန်းပါတယ်။ Technopreneur တစ်ယောက်ဟာ နည်းပညာရဲ့ အလားအလာကို နားလည်ပြီး လက်ရှိပြဿနာတွေကို ဖြေရှင်းဖို့ ဒါမှမဟုတ် ဈေးကွက်ထဲမှာ မရှိသေးတဲ့ လိုအပ်ချက်အသစ်တွေကို ဖန်တီးနိုင်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်တာထက်ပိုပြီး နည်းပညာကို အဓိကကျတဲ့ ကိရိယာ အဖြစ်အသုံးပြုကာ တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်ပြီး ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်သူ တွေဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက ရည်မှန်းချက်ဟာ နည်းပညာသုံးပြီး ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာ တစ်ခုဖြစ်အောင် ပြောင်းလဲဖို့ ဖြစ်ပါတယ်။ နည်းပညာအခြေပြု စွန့်ဦးတီထွင်မှု Technopreneurship ဆိုင်ရာ သင်ကြားရေးက TVET သင်တန်းသားတွေအတွက် နည်းပညာကျွမ်းကျင်မှုနဲ့ စီးပွားရေး စွန့်ဦး တီထွင်မှုစွမ်းရည် နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးစေတိုးတက်လာစေမှာ ဖြစ်ပါတယ်။

Figure 1. Startup-Era of Technopreneurship
TVET သင်တန်းသားတွေအတွက် နည်းပညာအခြေပြု စွန့်ဦးတီထွင်မှု (Technopreneurship) ရဲ့ အရေးပါမှု
ယနေ့ခေတ်မှာ နည်းပညာအခြေပြု စွန့်ဦးတီထွင်မှု (Technopreneurship) ဟာ TVET သင်တန်းသား တွေအတွက် တကယ်အရေးကြီးလာပါပြီ။ အလုပ်အကိုင် ဈေးကွက်ဟာ နည်းပညာနဲ့ တီထွင်မှုအပေါ် မူတည်ပြီး အမြန်ဆုံးပြောင်းလဲနေတဲ့အခါမှာ၊ ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်စွမ်း၊ နည်းပညာအသစ်တွေကို အသုံးချနိုင်စွမ်းရှိဖို့ဟာ လူငယ်တွေအတွက် အရေးပါလာပါတယ်။
Technopreneurship အတွက် အကောင်းဆုံး ဥပမာတစ်ခု အနေနဲ့ ဆိုရင် Elon Musk တို့ Mark Zuckerberg တို့ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ သူတို့တည်ထောင်ခဲ့တဲ့ ကုမ္ပဏီတိုင်းဟာ နည်းပညာကို အခြေခံပြီး လက်ရှိစက်မှုလုပ်ငန်းတွေကို အကြီးအကျယ် ပြောင်းလဲပစ်ခဲ့ပါတယ်။ Tesla ဟာ လျှပ်စစ်ကား (Electric Vehicle – EV) တွေကို ထုတ်လုပ်ရုံသာမကဘဲ ရေရှည်တည်တံ့တဲ့ စွမ်းအင် (Sustainable Energy) ကို လူတိုင်းသုံးစွဲနိုင်အောင် ကြိုးပမ်းနေတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အလားတူပဲ Mark Zuckerberg ကတော့ လူမှုကွန်ရက် (Social Networking) နည်းပညာကို အသုံးပြုပြီး လူတွေတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပုံကို အခြေခံကျကျ ပြောင်းလဲပစ်ခဲ့တဲ့ Technopreneur တစ်ယောက်ဖြစ်ပါတယ်။ Facebook ရဲ့ အောင်မြင်မှုဟာ လူတွေရဲ့ ကိုယ်ရေးအချက်အလက် (Data) တွေကို နည်းပညာနဲ့ စီမံခန့်ခွဲပြီး ပစ်မှတ်ထားကြော်ငြာခြင်း (Targeted Advertising) စနစ်ကို တီထွင် နိုင်ခဲ့လို့လည်း ဖြစ်ပါတယ်။ ဒါဟာ နည်းပညာကိုအသုံးပြုပြီး စီးပွားရေးမော်ဒယ်အသစ်တစ်ခုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

Figure 2. Technopreneurship
ဒါ့ကြောင့် Technopreneurship သင်ယူခြင်းက TVET သင်တန်းသားတွေကို အလုပ်ရှာသူအဖြစ်သာမက ကိုယ်ပိုင်လုပ်ငန်းစတင်တတ်တဲ့ အလုပ်ဖန်တီးသူအဖြစ် ပြောင်းလဲစေပါတယ်။ ဥပမာ- နည်းပညာနဲ့ စီးပွား ရေးစဉ်းစားမှုကို တွဲဖက်ပြီး ကိုယ်ပိုင် app တစ်ခု၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခု၊ သို့မဟုတ် နည်းပညာအသစ်အသုံးပြုတဲ့ စီးပွားရေးလုပ်ငန်းအသစ်တစ်ခု စတင်နိုင်စွမ်းတွေ ပိုမိုရရှိလာမှာ ဖြစ်ပါ တယ်။ဒါ့အပြင် ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတို့ကို တိုးတက်စေပြီး နည်းပညာနဲ့ စီးပွားရေးကဏ္ဍမှာ ယှဉ်ပြိုင်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒီလိုပေါင်းစပ်သင်ယူမှုတွေကြောင့် TVET သင်တန်းသားတွေဟာ လက်တွေ့အတွေ့အကြုံ ရရှိလာပြီး နည်းပညာတီထွင်မှုနဲ့ စီးပွားရေးတိုးတက်မှုအတွက် ရှိပြီးသားပြဿနာတွေကို ဖြေရှင်းရုံ သာမက နည်းပညာသုံးပြီး အခွင့်အလမ်းအသစ်တွေကို ဖန်တီးနိုင်စွမ်းတွေ၊ စွန့်စားရမှာကို မကြောက်ဘဲ ကြီးမားတဲ့ ရည်မှန်းချက်တွေအတွက် နည်းပညာအသစ်တွေကို တီထွင်ဖို့ ကြိုးပမ်းလိုစိတ်တွေ ကနေ တစ်ဆင့် သက်ဆိုင်ရာ စက်မှုလုပ်ငန်းတွေကို ပြောင်းလဲစေခဲ့ပြီး လူနေမှုဘဝပုံစံကိုပါ တိုးတက်ပြောင်းလဲလာစေမှာဖြစ်ပါတယ်။
ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲ
နည်းပညာနဲ့ စီးပွားရေးပညာ ပေါင်းစပ်သင်ကြားခြင်းက တိုးတက်ပြောင်းလဲလာနေတဲ့ လုပ်သားဈေးကွက် အတွက် အရည်အချင်းပြည့်မီသော ကျွမ်းကျင်ပညာရှင်များဖြစ်ထွန်းလာစေရုံမကဘဲ ကိုယ်ပိုင်အလုပ် အကိုင်ဖန်တီးနိုင်စွမ်း တိုးတက်စေပါတယ်။ ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်စွမ်း၊ အလုပ်ရှင်ဖြစ်လာနိုင်စွမ်း တိုးတက်လာသလို နည်းပညာအသစ်တွေကို အသုံးချပြီး စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေနိုင်ပါတယ်။ မိမိကိုယ်တိုင်အတွက် တာဝန်ယူနိုင်ရုံမျှမက ရေရှည်တည်တံ့သော စီးပွားရေးတစ်ခု တည်ထောင်ပြီး မိမိ ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းအတွက် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ပံ့ပိုးကူညီနိုင်မှာပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေမှာ သင်ယူမှုစိတ်ဓာတ်၊ တီထွင်ဖန်တီးမှုစွမ်းရည် တိုးတက်လာပြီး စိန်ခေါ်မှု တွေကို ရင်ဆိုင်နိုင်စွမ်း၊ မျှော်လင့်ချက်၊ အောင်မြင်မှုလိုစိတ် တိုးတက်လာစေပါတယ်။ ကိုယ်တိုင်သာမက လူမှုအကျိုးအတွက်လည်း တီထွင်ဖန်တီးနိုင်စွမ်းရှိလာတဲ့အတွက် TVET သင်တန်းကျောင်းများရဲ့ အရည် အသွေးလည်း မြင့်တက်လာနိုင်ပါတယ်။ သင်တန်းသားတွေရဲ့ စိတ်ဝင်စားမှု၊ သင်ယူလိုမှုစိတ်တွေလည်း တိုးတက်လာသလို စိတ်ပါဝင်စားသူ သင်တန်းသား အရေအတွက်လည်း တိုးမြင့်လာမှာ ဖြစ်ပါတယ်။
စိန်ခေါ်မှုတွေက ဘာတွေလဲ
တကယ်တော့ ဒီလိုပေါင်းစပ်သင်ကြားမှုမှာ သင်ကြားရေးနည်းစနစ်တွေ၊ သင်ကြားသူတွေရဲ့ စွမ်းရည်နှင့် ပတ်သက်တဲ့ အခက်အခဲတွေ၊ Technopreneurship သင်ကြားနိုင်မယ့် ဆရာ၊ဆရာမ နည်းပါးမှုတွေ ရှိနေ ပါတယ်။ နောက်ဆုံးပေါ် နည်းပညာသင်တန်းတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ နည်းပညာအရင်းအမြစ် မလုံလောက်တာ၊ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲဖို့စတာတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ ပိုမိုချိတ်ဆက်ဖို့ လိုအပ်တာတွေကလည်း စိန်ခေါ်မှုအနေနဲ့ ရှိနေဆဲပါပဲ။
နိဂုံး
နည်းပညာနဲ့ စီးပွားရေးပညာ ပေါင်းစပ်သင်ကြားခြင်းဟာ TVET သင်တန်းကျောင်းတွေ၊ ကျောင်းသားတွေ အတွက် အရေးပါတဲ့ မဟာဗျူဟာတစ်ခုပါပဲ။ ဒီသင်ကြားမှုစနစ်က ကျောင်းသားတွေကို နည်းပညာ ကျွမ်းကျင်မှုနဲ့ စီးပွားရေးစွန့်ဦးတီထွင်မှုစွမ်းရည် နှစ်မျိုးစလုံးနဲ့ ပြင်ဆင်ပေးနိုင်ပါတယ်။ အလုပ်အကိုင် ဖန်တီးနိုင်စွမ်း၊ ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်စွမ်း စတာတွေ တိုးတက်လာစေပြီး အနာဂတ်အလုပ် ဈေးကွက် မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေပါတယ်။ ဒါပေမယ့် သင်ကြားရေးနည်းစနစ်၊ သင်ကြားသူများ၏စွမ်းရည်၊ အရင်းအမြစ်များ မလုံလောက်မှု စတဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်လို့ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ရင် မြန်မာနိုင်ငံ TVET စနစ်အတွက် တိုးတက်မှုအလားအလာကောင်းတွေ အနာဂတ်မှာ ရှိနေမှာပဲ ဖြစ်ပါတယ်။
ဒေါက်တာစုမြတ်ငြိမ်း
ကိုးကား
- (1) Entrepreneurship / Technopreneurship Development in TVET, CPSC In country program, online mode, March 17-21, 2025
- (2) Integrating Entrepreneurship and Technopreneurship into the TVET Curriculum, CPSC-SEAMEO VOCTECH regional program, hybrid mode, June2-6, 2025
- (3) New Dimensions of TVET with Innovation and Technopreneurship, CPSC webinar, 30 Jun 2020
- (4) The Importance of Technopreneurship Management Model for Vocational School, Authors: Muhammad Harlanu, Agus Nugroho, Corresponding Author: Muhammad Harlanu, DOI: 10.2991/ictvet-14.2015.33