ယနေ့ကမ္ဘာမှာ စီးပွားရေးနှင့်နည်းပညာတိုးတက်မှုသည် အလွန်မြန်ဆန်လာသည်နှင့်အမျှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် TVET ကဏ္ဍသည် ပိုမိုအရေးပါလာပါသည်။ အထူးသဖြင့် TVET သင်တန်းများတွင် စွန့်ဦးတီထွင်မှုနှင့် နည်းပညာအခြေပြု စွန့်ဦးတီထွင်မှု (Entrepreneurship နှင့် Technopreneurship) စွမ်းရည်များ ပေါင်းစပ်သင်ကြားပေးခြင်းဖြင့် ကျောင်းသားများအနေဖြင့် စီးပွားရေး လုပ်ငန်းတစ်ခုကို မိမိကိုယ်တိုင် တည်ထောင်ဖန်တီးနိုင်သည့် စွမ်းရည်ရှိသူများအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ပါသည်။
စွန့်ဦးတီထွင်မှုဆိုသည်မှာ

စွန့်ဦးတီထွင်မှုဆိုသည်မှာ ကြုံတွေ့လာနိုင်သည့် အန္တရာယ်တို့ကို စွန့်စားရဲပြီး အခွင့်အလမ်းအသစ်တွေကို ဖန်တီးကာ စီးပွားရေး၊ လူမှုရေး သို့မဟုတ် နည်းပညာဆိုင်ရာ အပြောင်းအလဲတွေကို မောင်းနှင်နိုင်သော လုပ်ငန်းစဉ် ဖြစ်ပါသည်။ စွန့်ဦးတီထွင်မှုကြောင့် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ (SME) ဖွံ့ဖြိုးစေပြီး လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးစေပါသည်။ နိုင်ငံ၏ ထုတ်ကုန်စွမ်းအားနှင့် ပြိုင်ဆိုင်နိုင်မှုစွမ်းအားကိုလည်း မြှင့်မားစေနိုင်ပါသည်။
စွန့်ဦးတီထွင်မှု၏ အဓိကလက္ခဏာများ
စွန့်ဦးတီထွင်မှု၏ အဓိကလက္ခဏာများမှာ
- – ဆန်းသစ်မှု (Innovation): ဈေးကွက်တွင် မရှိသေးသော ထုတ်ကုန်၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ငန်း ပုံစံသစ်များကို ဖန်တီးခြင်း။
- – စွန့်စားမှု (Risk-taking): အရှုံးနှင့် မအောင်မြင်မှုကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်ခြင်း။
- – တန်ဖိုးဖန်တီးမှု (Value Creation): လူမှုအသိုင်းအဝိုင်း၊ စီးပွားရေး သို့မဟုတ် ပတ်ဝန်းကျင်အတွက် အကျိုးပြုသော အရာများကို ဖော်ဆောင်ခြင်း တို့ဖြစ်ပါသည်။
TVET ကဏ္ဍတွင် စွန့်ဦးတီထွင်မှု (Entrepreneurship in TVET)
TVET သင်တန်းများတွင် စွန့်ဦးတီထွင်မှု (Entrepreneurship) စွမ်းရည်ကို ထည့်သွင်းသင်ကြား ခြင်းသည် ကျောင်းသားများကို မိမိကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသစ်တစ်ခုစတင်လိုသည့် စွန့်ဦးတီထွင်မှု စိတ်ဓာတ်များ ဖြစ်ပေါ်စေခြင်း၊ အခွင့်အလမ်းများရှာဖွေခြင်းနှင့် စွန့်စားမှုကိုခံယူနိုင်စွမ်းနှင့် စီမံခန့်ခွဲနိုင်စွမ်း တိုးတက်စေခြင်းစသည်တို့ကို တိုးတက်စေပါသည်။ ဥပမာအားဖြင့် စက်မှုလက်မှု ကျွမ်းကျင်သင်တန်း တစ်ခုတက်ထားသော ကျောင်းသားတစ်ဦးသည် မိမိကိုယ်ပိုင် Welding စက်မှုလက်မှု အလုပ်ရုံ အသေးစားတစ်ခု ဖွင့်လှစ်နိုင်ပါသည်။ မုန့်ဖုတ်သင်တန်းတက်ရောက်ပြီးသူတစ်ဦးသည်လည်း ကိတ်မျိုးစုံဖန်တီး၍ မိမိကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို ဖွင့်လှစ်နိုင်ပါသည်။
TVET ကဏ္ဍတွင် နည်းပညာအခြေပြု စွန့်ဦးတီထွင်မှု (Technopreneurship in TVET)

Photo Credit: Alita Sharon (2024)
ယနေ့ကမ္ဘာပေါ်တွင် Fourth Industrial Revolution (Industry 4.0) နှင့်အတူ နည်းပညာအခြေပြု စွန့်ဦးတီထွင်သူများ (Technopreneurs) ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ Technopreneurs များအနေဖြင့် Artificial Intelligence (AI), Internet of Things (IoT), Robotics, Automation စသည့် နည်းပညာသစ်များဖြင့် လုပ်ငန်းသစ်များစတင်ဖန်တီးခြင်း၊ အွန်လိုင်းပေါ်တွင် ဝန်ဆောင်မှုများ ပေးနိုင် သည့်လုပ်ငန်းများ တည်ထောင်ခြင်းနှင့် Digital Marketing နှင့် E-commerce စွမ်းရည်များ အသုံးချခြင်း တို့ကို ဆောင်ရွက်ကြပါသည်။ လူမှုကွန်ရက်ဝက်ဘ်ဆိုဒ် Facebook ကို တည်ထောင်သူ Mark Zuckerberg နှင့် လျှပ်စစ်ကား (Tesla)၊ အာကာသလွန်းပျံယာဉ် (SpaceX)၊ ဦးနှောက်-ကွန်ပျူတာ ချိတ်ဆက်မှု (Neuralink) တို့ကို တည်ထောင်ခဲ့သော Elon Musk တို့သည် ထင်ရှားသော နည်းပညာ အခြေပြုစွန့်ဦးတီထွင်သူများ (Technopreneurs) ဖြစ်ကြပါသည်။ ထို့သို့ Industry 4.0 နည်းပညာ ကမ္ဘာကြီးတွင် TVET သင်တန်းသားများသည် Digital Skills များ အပြည့်အဝရှိဖို့ မဖြစ်မနေလိုအပ်လာပြီဖြစ်သည်။
TVET ကဏ္ဍတွင် Entrepreneurship နှင့် Technopreneurship တိုးတက်အောင်ဆောင်ရွက်သင့်သော နည်းလမ်းများ
TVET ကဏ္ဍတွင် Entrepreneurship နှင့် Technopreneurship တိုးတက်အောင်ဆောင်ရွက်သင့် သော နည်းလမ်းများမှာ-
(၁) သင်ရိုးညွှန်းတမ်းများ (Curriculum) ထဲတွင် Entrepreneurship နဲ့ Technopreneurship သင်ခန်းစာများ ထည့်သွင်းဆောင်ရွက်ခြင်း
(၂) Project-based Learning (သက်ဆိုင်ရာစီမံချက်များဖန်တီးပြီး လက်တွေ့လုပ်ဆောင်ခြင်း) ကို အသုံးပြုခြင်း
(၃) Mentorship Program များ ဖွဲ့စည်းပြီး တက္ကသိုလ်/စက်မှုလုပ်ငန်းပူးပေါင်းမှုများ ချိတ်ဆက် ပေးခြင်း
(၄) Innovation Hubs နှင့် Incubation Centers တည်ဆောက်ပေးခြင်း
(၅) Digital Tools အသုံးပြုပြီး သင်ကြားမှုစနစ်များ အသွင်ပြောင်းခြင်းတို့ ဖြစ်ကြပါသည်။
TVET ကဏ္ဍတွင် Entrepreneurship နဲ့ Technopreneurship ထည့်သွင်းသင်ကြားရသည့် အကျိုး ကျေးဇူးများ
TVET ကဏ္ဍတွင် Entrepreneurship နဲ့ Technopreneurship ထည့်သွင်းသင်ကြားရခြင်းဖြင့်-
- – ကျောင်းသားကျောင်းသူများအတွက် အလုပ်ရှာရခက်ခဲမှုဖြေရှင်းရန် – မိမိကိုယ်ပိုင်လုပ်ငန်းကို မိမိ ကိုယ်တိုင်စတင်နိုင်စေခြင်းဖြင့် အလုပ်အကိုင်ဖန်တီးပေးနိုင်ပါသည်။
- – နည်းပညာတိုးတက်မှုနှင့်အညီ လိုက်နာနိုင်ရန် – Digital Skills, Innovation Skills တို့ကို မြှင့်တင် နိုင်ပါသည်။
- – စီးပွားရေးတန်ဖိုးမြှင့်တင်နိုင်ရန် – SMEs နှင့် Startups များ ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်။
- – အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် – နည်းပညာအသုံးပြုမှုဖြင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ထဲထည့်သွင်းနိုင်ပါသည်။
နိဂုံး
ယနေ့ကမ္ဘာမှာ စီးပွားရေးနှင့်နည်းပညာတိုးတက်မှုက အလွန်မြန်ဆန်လာသည်နှင့်အမျှ လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် TVET သင်တန်းများတွင် စွန့်ဦးတီထွင်မှုနှင့် နည်းပညာ အခြေပြု စွန့်ဦးတီထွင်မှု (Entrepreneurship နှင့် Technopreneurship) စွမ်းရည်များ ပေါင်းစပ်သင်ကြား ပေးခြင်းသည် အလွန်အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ စွန့်ဦးတီထွင်သူများ၊ နည်းပညာ အခြေပြု စွန့်ဦးတီထွင်သူများ ပိုမိုများပြားလာခြင်းဖြင့် SME လုပ်ငန်းများပိုမိုဖွံ့ဖြိုးလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းနှင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအား ပိုမိုမြှင့်မားလာမည်ဖြစ်ပါသည်။
မော်ထွန်း(ပညာရေး)