သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၈: ၀၀) နာရီအချိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ကျောင်းဝန်းရှိ မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများ၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (နေပြည်တော်) မှ ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအပါအဝင် စုစုပေါင်း (၂၁၀) ဦးခန့် ပါဝင်စိုက်ပျိုးပေးခဲ့ ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးများနှင့် ကျောင်းအုပ်ကြီးတို့က သတ်မှတ်နေရာများတွင် ကံ့ကော်ပင်၊ ခရေပင်နှင့် ပိတောက်ပင်များအား စိုက်ပျိုးပေးခဲ့ကြပြီး တက်ရောက်လာကြသော အရာထမ်းများ၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တွင် ကံ့ကော်ပင် (၇၀) ပင်၊ ခရေပင် (၁၁၁) ပင်၊ ပိတောက်ပင် (၂၉) ပင် အပါအဝင် ပျိုးပင်စုစုပေါင်း ၂၁၀ ပင်ကို စိုက်ပျိုးပေးခဲ့ကြပါသည်။ သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကို ထိန်းသိမ်းရန်၊ ပတ်ဝန်းကျင် စိမ်းလန်းပြီး လေထုကို သန့်စင်ပေးနိုင်ရန်၊ မြေဆီလွှာ တိုက်စားမှုကို ကာကွယ်နိုင်ရန်နှင့် ရာသီဥတု ကောင်းမွန်စေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိပါသည်။