ကယားပြည်နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေ၊ အခြေခံစားသောက်ကုန်များ နှင့် ကျောင်းသုံးစာရေးကိရိယာများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၅ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ သောကြာနေ့က လွိုင်ကော်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကယားပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မျိုးတင် က “နိုင်ငံတော်မှ ပညာရေးကဏ္ဍနောက်ကျမှုမရှိစေဘဲ ခေတ်စနစ်နှင့်အညီ တိုးတက်နေတဲ့ပညာရပ်များကို လေ့လာသင်ယူနိုင်ရေး အဘက်ဘက်မှ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ အခုတက်ရောက်နေတဲ့သင်တန်းများမှ ပိုမိုအဆင့်မြင့်တဲ့ အင်ဂျင်နီယာအတတ်ပညာများ လေ့လာသင်ယူစေလိုကြောင်း” ပြောကြားခဲ့ပြီး ဆရာ ဆရာမများ၊ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ နှင့် ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေများနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်မှ ဆရာ/ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများအား အားပေးစကား ပြောကြားခဲ့ပြီး အလုပ်ရုံအတွင်းကျောင်းသား ကျောင်းသူများ လက်တွေ့လုပ်ဆောင်ထားမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများနှင့်အတူ နေ့လည်စာသုံးဆောင်ခဲ့ပါသည်။