လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇူလိုင် ၇ ရက် နံနက်ပိုင်း၌ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပသည့် EV (Electric Vehicle) ပြုပြင်ထိန်းသိမ်းမှုသင်တန်း  (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ဒုတိယဝန်ကြီးက- EV သုံးစွဲမှုမှ လေထုနှင့် အသံ ညစ်ညမ်းမှုများ လျှော့ချနိုင်ကာ ကျန်းမာရေး ဆုလာဘ်များရရှိခြင်း၊ စက်သုံးဆီနှင့် အင်ဂျင်ပြုပြင်ထိန်းသိမ်းရမှုအတွက် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ ဂေဟစနစ်နှင့် ကိုက်ညီစေခြင်း၊ အဆင့်မြင့်  Smart Transportation System ဖြစ်ကာ Smart City များ ဖြစ်ထွန်းလာစေခြင်း စသော အကျိုးကျေးဇူးများအပြင် ရေရှည်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို EV ကဏ္ဍဖွံ့ဖြိုးလာပါက ဖြစ်ထွန်းစေနိုင်သဖြင့် နိုင်ငံတကာတွင် အပြိုင်အဆိုင်ဖြင့် EV သုံးစွဲမှု မြင့်တက်လာပါကြောင်း။

အလားတူ နိုင်ငံတော်တွင်လည်း EV သုံးစွဲမှု မြင့်တက်လာပါကြောင်း၊ သို့ဖြစ်ရာ သင်တန်းသားများသည် နိုင်ငံ့ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်နှင့် EV သုံးစွဲသူ ပြည်သူများအတွက် အမှန်တကယ် အကျိုးပြုနိုင်မည့် နည်းပညာရှင်များဖြစ်စေရေး  သင်တန်းကာလအတွင်း စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ ကျားကုတ်ကျားခဲ ကြိုးပမ်း လေ့ကျင့်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက်ဒုတိယဝန်ကြီးသည် EV အလုပ်ရုံသို့ သွားရောက်ကာ သင်တန်းသားများ၏ လက်တွေ့လုပ်ငန်း များကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် လေ့ကျင့်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားသည်။

အခမ်းအနားသို့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊  အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)နှင့်  ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  ယင်း သင်တန်းသို့ ပြင်ပ EV လုပ်ငန်းများမှ သင်တန်းသား ၁၉ ဦးနှင့် ဌာနဆိုင်ရာများမှ သင်တန်းသား ၆ ဦး တက်ရောက်ကြကြောင်း သိရသည်။