သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဖွင့်လှစ်မည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းဆိုင်ရာစက်မှုနည်းပညာသင်တန်းများနှင့် စပ်လျဉ်း၍ မြန်မာ့အသံမှ တွေ့ဆုံမေးမြန်းခဲ့ရာ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းဆိုင်ရာစက်မှုနည်းပညာသင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ရန် ရာထားလျက်ရှိပြီး GTHS, GTI တက်ရောက်ခဲ့သူများနှင့် လက်မှတ်ရပြီးသူများ တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့ဖူးသူ၊ အောင်မြင်ထားသူများအပါအဝင် ဆန်စက်လုပ်ငန်းနှင့်သက်ဆိုင်သော လျှပ်စစ်နှင့်စက်မှု နည်းပညာပိုင်းဆိုင်ရာ သင်ကြားခဲ့သူများ၊  စက်ရုံအလုပ်ရုံများတွင် လက်ရှိလုပ်ကိုင်နေသူများအား ဝင်ခွင့်အရည်အချင်းစစ်ဆေးသည့်စနစ်ဖြင့် ရွေးချယ်သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာဥာဏ်ဝင်းသန်းမှ အောက်ပါအတိုင်းပြန်လည် ဖြေကြားခဲ့ပါသည်။

မေးခွန်း – ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာသင်တန်းဖွင့်လှစ်မယ်လို့သိရပါတယ်။ ဒီသင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကိုသိပါရစေရှင့်။

အဖြေ – စိုက်ပျိုးရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အဓိကစီးပွားရေး ကဏ္ဍတစ်ခုဖြစ်တာနဲ့အညီ ဆန်စပါးထုတ်လုပ်ခြင်း၊  အရည်အသွေးမီဆန်စပါးများကို ပြည်တွင်းပြည်ပ တင်ပို့ရောင်းချခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိပါတယ်၊ ဒါကြောင့် ဆန်စပါးကို ရိတ်သိမ်းပြီးနောက်ပိုင်း ဆောင်ရွက်ဖို့လိုအပ်တဲ့ ဆန်စပါးကြိတ်ခွဲထုတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေအတွက် စက်ရုံတွေမှာ Operation အတွက်နှင့် စက်များပြင်ဆင်ထိန်းသိမ်းမှုအတွက် ကျွမ်းကျင်လူငယ်တွေများစွာ လိုအပ်လျှက်ရှိပါတယ်၊ ဒါကြောင့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနည်းပညာနယ်ပယ်အတွက် Human Resource မွေးထုတ်ဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်းပြီး ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။

မေးခွန်း – အဆိုပါသင်တန်းမှာ ဘယ်လိုဘာသာရပ်အမျိုးအစားတွေကို သင်ကြားပေးသွားမလဲရှင့်။

အဖြေ _ ဖွင့်လှစ်မည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းဆိုင်ရာ စက်မှုနည်းပညာသင်တန်းများဖြစ်သည့်   Certificate in Rice Processing Technology (Level-1)နှင့် Higher Certified Rice Processing Technology (Level-2) သင်တန်းများတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်စပါးနှင့်ပတ်သက်သည့်အကြောင်းအရာများကို သင်ကြားပေးမှာဖြစ်ပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဆန်စက်များတွင် အထောက်အကူရရှိစေရန်အတွက် နည်းပညာဘာသာရပ်များဖြစ်သည့် Electrical၊ Mechanical၊ Automation နှင့် AI ဘာသာရပ်များအား  သင်ကြားပေးမှာဖြစ်ပါတယ်။

မေးခွန်း – ဘယ်လိုကျောင်းသားကျောင်းသူတွေက်ရောက်ခွင့်ရှိမလဲရှင့်။

အဖြေ – GTHS, GTI တက်ရောက်ခဲ့သူများနှင့် လက်မှတ်ရပြီးသူများ တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့ဖူးသူ၊ အောင်မြင်ထားသူများ အပါအဝင် ဆန်စက်လုပ်ငန်းနှင့်သက်ဆိုင်သော လျှပ်စစ်နှင့်စက်မှုနည်းပညာပိုင်းဆိုင်ရာ သင်ကြားခဲ့သူများ၊  စက်ရုံအလုပ်ရုံများတွင် လက်ရှိလုပ်ကိုင်နေသူများအား ဝင်ခွင့်အရည်အချင်း စစ်ဆေးသည့်စနစ် ရွေးချယ်စိစစ်မှု (entry interview)  ဖြင့် သင်တန်းသား၊ သင်တန်းသူများကိုရွေးချယ်လက်ခံမှာ ဖြစ်ပါတယ်။

မေးခွန်း – အခုလက်ရှိမှာ သင်တန်းသားတွေခေါ်ယူနေပြီလို့သိရပါတယ်။ လျှောက်ထားသူ ဘယ်လိုလျှောက်ထား ရမလဲရှင့်။

အဖြေ – သင်တန်းသားခေါ်ယူတဲ့ ကြော်ငြာကို ၂၀-၉-၂၀၂၅ ရက်နေ့မှာ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများမှာ ထည့်သွင်းခဲ့ပြီးဖြစ်ပါတယ်။ သင်တန်းကို လျှောက်ထားလိုသူများအနေနဲ့  လျှောက်လွှာပုံစံအား www.myanmarrice federation.org တွင် Download ရယူနိုင်ပြီး သင်တန်းတက်ရောက်ရန် လျှောက်လွှာတင်သည့် အခါ လိုအပ်တဲ့စာရွက်စာတမ်းများကို သတင်းစာပါ အချက်အလက်များအတိုင်း ပူးတွဲတင်ပေးရမှာဖြစ်ပါတယ်၊ အသေးစိတ်အချက်အလက်များသိရှိလိုပါက စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်း ကျောင်း(SITE)နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ကို စုံစမ်းမေးမြန်းနိုင် ပါတယ်။

မေးခွန်း – သင်တန်းကာလနဲ့သင်တန်းကြေးတွေကော ဘယ်လိုသတ်မှတ်ထားပါသလဲရှင့်။

အဖြေ – Certificate in Rice Processing Technology (Level-1) သင်တန်းကာလက (၃)လ ဖြစ်ပြီး Higher Certified Rice Processing Technology (Level-2) သင်တန်းကာလမှာ (၄)လ ဖြစ်ပါတယ်။ သင်တန်းကြေးမှာအခမဲ့ဖြစ်ပြီး သင်တန်းကာလအတွင်း နေထိုင်စားသောက်စရိတ်ငြိမ်းဖြစ်ပါတယ်။ သင်တန်းသားများကို စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း(SITE)ရှိ သင်တန်းဆောင်တွင် ထားရှိသွားမှာဖြစ်ပါတယ်။

မေးခွန်း – သင်တန်းပြီးပါက ဘယ်လိုအသိအမှတ်ပြုလက်မှတ်တွေ ရရှိမလဲရှင့်။

အဖြေ – သင်တန်းများအား သတ်မှတ်ထားသည့် သင်တန်းအချိန်များ၊ လက်တွေ့ချိန်များအား အချိန်ပြည့် ပါဝင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးစီးပါက သင်တန်း အလိုက် Certificate နှင့် Higher Certificate တို့ကို စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးသင်တန်းကျောင်း(SITE)နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ထုတ်ပေးမှာဖြစ်ပါတယ်။

မေးခွန်း – သင်တန်းပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် ဘယ်လိုဆောင်ရွက်ပေးဖို့ရှိပါသလဲရှင့်။

အဖြေ – သင်တန်းပြီးစီးပါက ဆန်စက်များတွင် အလုပ်အကိုင်ရရှိနိုင်တဲ့ Fully Funded Internship Training ဖြစ်တဲ့အတွက် သင်တန်းသားများအား အလုပ်အကိုင်ရရှိရန်အတွက် ဆန်စက်များနှင့်ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အမေး – အဆိုပါ သင်တန်းကို ဘယ်တော့ဖွင့်လှစ်သင်ကြားပေးဖို့ရှိပါသလဲရှင့်။

အဖြေ – နိုဝင်ဘာလ ပထမအပတ်အထဲမှာ ရန်ကုန်တိုင်းဒေသကြီး စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE)မှာ စတင်ဖွင့်လှစ်ရန် လျာထားပါတယ်။

အမေး – လျှောက်ထားသူအကုန်လုံးတတ်ရောက်ခွင့်ရှိမလား၊ ဘယ်လိုမျိုးတတ်ရောက်ခွင့် ရမလဲရှင့်။

အဖြေ – လျှောက်ထားသူအားလုံး တက်ရောက်ခွင့်ရမှာတော့ မဟုတ်ပါဘူး။ Level-1 သတ်မှတ်လူဦးရေ (၃၅ ဦး)၊ Level-2 သတ်မှတ်ဦးရေ (၂၅ ဦး) ထက် ကျော်လွန်သွားပါက  Interview စနစ်နဲ့  စိစစ်ရွေးချယ်လက်ခံသွားမှာ ဖြစ်ပါတယ်။

အမေး – အဆိုပါသင်တန်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲရှင့်။

အဖြေ – ကျွန်တော်တို့နိုင်ငံရဲ့ အရေးကြီးတဲ့ကဏ္ဍဖြစ်တဲ့ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်း ကဏ္ဍအတွက် အရေးကြီးတဲ့ လူသားအရင်းအမြစ်တွေ မွေးထုတ်ပေးမှာဖြစ်တဲ့အတွက် ဆန်စပါးကဏ္ဍအတွက်လည်း အကျိုး ရှိမှာဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းရရှိကြမှာ ဖြစ်တဲ့အတွက် တက်ရောက်တဲ့လူငယ်တွေအတွက်လည်း အကျိုးကျေးဇူးများစွာ ရှိမှာဖြစ်ပါတယ်။

အမေး – ဖြည့်စွက်ပြောကြားချင်တာများရှိပါကလည်းဖြေကြားပေးစေလိုပါတယ်ရှင့်။

အဖြေ – ကျွန်တော်တို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်း (MRF) တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ Public-Private Partnership စံနမူနာကောင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ TVET ကဏ္ဍ အတွက်ရော၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍအတွက် အကျိုးကျေးဇူးများစွာရှိလို့ စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *