သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဩဂုတ်လ ၇ ရက် နံနက်ပိုင်း၌ မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိများ လိုက်ပါလျက် အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

 တွေ့ဆုံစဥ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ သင်တန်းဆိုင်ရာ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မော်လမြိုင်စက်မှုဇုန်နှင့် ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု စက်မှု ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး အမှန်တကယ် အထောက်အကူပြုနိုင်မည့် နည်းပညာရှင် လူငယ်ကောင်း များကို စံအရည်အသွေးပြည့်မီစွာ တစ်ပြေးညီစဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်း မှာကြားသည်။    

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာ ဘာသာရပ်များအလိုက် စာသင်ခန်းများတွင် စိတ်ဝင်စားစွာ သင်ကြားနေကြသော ကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးပြီး နည်းပညာ အရည်အသွေး ပြည့်ဝရန် အပြင် ကျင့်ဝတ်၊ စည်းကမ်းများကို လေးစား လိုက်နာကာ ဗလ ငါးတန်နှင့် ပြည့်စုံ စေရေး ကြိုးပမ်းဆောင်ရွက် သွားရန် မှာကြားပြီး မြေညီထပ်၌ ကျောင်းသားများ၏ သုတေသန ပရောဂျက်များ ရှင်းလင်းတင်ပြမှုများကို ကြည့်ရှုအားပေးကာ သုတေသနရလဒ်များကို ဒေသအကျိုးပြုနှင့် နိုင်ငံ့စဥ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်တွေ့ကျကျ အသုံးချနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် မှာကြားပြီး ကျောင်းသားများထံ သုတေသနထူးချွန်ဆုများ ဂုဏ်ပြုချီးမြှင့်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၌ လေ့လာဖတ်ရှုလျက်ရှိကြသော ကျောင်းသား များကို ကြည့်ရှုအားပေးပြီး စာအုပ်များထားရှိမှုနှင့် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားပြီး  ကျောင်းသားများ၏ လက်ဝယ်အရောက် နည်းပညာ၊ သုတ၊ ရသ စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။