သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဩဂုတ်လ ၂၅ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ဖွင့်လှစ်ပို့ချသည့် အမှတ်စဉ်(၂၄) နေရောင်ခြည်စွမ်းအင်နည်းပညာလက်တွေ့ အသုံးချသင်တန်း  သင်တန်းဆင်းလက်မှတ် ပေးပွဲနှင့်  Certificate ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဖြင့်  “Establishment Myanmar National Level Solar PV Application Promotion and Training Center to Accelerate the Capacity Building of Deployment of Solar Energy in Myanmar” စီမံကိန်းရရှိခဲ့ပြီး ၂၀၂၅ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စီမံကိန်းတစ်ခုလုံး အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းရလာဒ်အနေဖြင့် Solar Energy Exhibition and Training Center ကို တည်ထောင်နိုင်ခဲ့ပြီး၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အနေဖြင့် ပြန်ပြည့်မြဲစွမ်းအင် နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတိုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အတူ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များက သင်တန်းတက်ရောက် အောင်မြင်သောသင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသား တစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ များ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ဩဂုတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ စာတွေ့ လက်တွေ့ပို့ချသင်ကြားခဲ့ကြသည်။

 ဩဂုတ် ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း(SMVTI)သို့ ရောက်ရှိခဲ့ပြီး ကျောင်း၏ စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ်တင့်တယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပရေးဆောင်ရွက်ထားရှိမှုများတို့ကို ကြည့်ရှုစစ်ဆေးပြီး ဖူဆယ် အားကစားကွင်းနှင့် ဘတ်စကတ်ဘောကွင်းတို့တွင် အားကစားပစ္စည်းများ ဖြည့်ဆည်းထားရှိမှု များကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပြီး ကျောင်း၏စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများ အတွက် လေ့လာဖတ်ရှု မှတ်သားရန် စာအုပ်များအားလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။