နိဒါန်း

ကမ္ဘာ့စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အစိမ်းရောင် စီးပွားရေး ဆီသို့ ဦးတည်သော အသွင်ကူးပြောင်းမှုသည် ‌ရေရှည်တည်တံ့ခိုင်မြဲသည့် အခြေခံမူများကို နည်းပညာ ပိုင်းဆိုင်ရာ အသက်မွေး၀မ်းကြောင်း ပညာရေးနှင့် လေ့ကျင့်သင်ကြားမှု သင်ရိုးညွှန်းတမ်းများနှင့် ပေါင်းစပ် ရန် လိုအပ်ပါသည်။ စက်မှုလုပ်ငန်းများသည် သဘာ၀ပတ်၀န်းကျင်နှင့် သဟဇာတဖြစ်သော အလေ့ အကျင့်များကို ကျင့်သုံးသောကြောင့် ရေရှည်တည်တံ့သောအစပျိုးမှုများအတွက် အထောက်အပံ့ပေးရန် နှင့် ကျွမ်းကျင်မှုများ လိုအပ်လာပါသည်။

ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် TVET သင်ရိုးညွှန်းတမ်းများကို အစိမ်းရောင် စီးပွားရေးဆီသို့ ဦးတည်၍ အဆင့်မြှင့်တင်ရန် လိုအပ်ပြီး TVET သင်ရိုးညွှန်းတမ်းအတွင်း၌ အစိမ်းရောင် စွမ်းရည်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော သဘောတရားများကို  ထည့်သွင်းခြင်းနှင့်    TVET  သင်ရိုး ညွှန်းတမ်း developer များနှင့် ပညာရှင်များကို စွမ်းရည်မြှင့်တင်‌ရေးအစီအစဉ်များ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် ရမည်ဖြစ်ပါသည်။

ရည်ရွယ်ချက်

TVET သင်ကြားရေး တွင် (Green Practices) ပညာရပ်များကို ပေါင်းစပ်သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ရမည့် မူဝါဒ၊ သင်ကြားမှုနည်းဗျူဟာများ၊ သင်ကြားရေးကိရိယာများကို မြှင့်တင်ခြင်းများ အပါအဝင် ဆန်းသစ်သော သင်ကြားနည်းဗျူဟာများ၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ကို လေ့လာရန်နှင့် ပါဝင်သူများအား ၎င်းတို့၏ နိုင်ငံနှင့်အဖွဲ့အစည်းများ၊ TVET ကဏ္ဍများတွင် အကောင် အထည်ဖော်နိုင်မည့် လုပ်ငန်းစီမံချက်များ ရေးဆွဲနိုင်စေရန် ရည်ရွယ်ပါသည်။

What are green skills?

Green Skills ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများကို လျှော့ချပေးနိုင်သည့် စီးပွားရေးစနစ်သစ်သို့ ကူးပြောင်းရာတွင် လိုအပ်သော အရည်အချင်းများကို ဆိုလိုသည်။ ၎င်းတွင် သန့်ရှင်း ၍ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော၊ အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်သော လူမှုစီးပွား နယ်ပယ်များ ပေါ်ထွန်းလာစေရန် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှု၊ သဘောထားနှင့်တန်ဖိုးထားမှု များ ပါဝင်သည်။ ထိုသို့သော Green skills သည် ပတ်ဝန်းကျင်တည်တံ့မှုကို ကာကွယ်ထိန်းသိမ်းနိုင်သလို သင့်လျော် ကောင်းမွန်သော အလုပ်အကိုင် အခြေအနေများကိုလည်း ပံ့ပိုးပေးပါသည်။

Green skills များကို အများအားဖြင့် အမျိုးအစား (၃) မျိုးအဖြစ် ခွဲခြားနိုင်ပါသည်-

(၁) Specific green skills –(အထူးပြု အစိမ်းရောင် ကျွမ်းကျင်မှုများ)

ဤကျွမ်းကျင်မှုများသည် နည်းပညာပိုင်းဆိုင်ရာများနှင့်ဆက်နွယ်ပြီး တိကျသည့် အထူးပြုပညာရပ် နယ်ပယ်များ ဖြစ်ကြပါသည်။ ပတ်ဝန်းကျင်နှင့်ဆိုင်သော နည်းပညာများ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်သော နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပါဝင်ပါသည်။ ဥပမာအားဖြင့် –

(၁) နေရောင်ခြည်စွမ်းအင်သုံး Solar Panels များ တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊

(၂) လေအားလျှပ်စစ် Wind Turbine များ ဒီဇိုင်းဆွဲခြင်း၊

(၃) ညစ်ညမ်းသော ရေဆိုးသန့်စင်မှုဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်း ဆောင်ရွက်ခြင်း

(၄) အမှိုက်စီမံခန့်ခွဲမှုနှင့် ပြန်လည်အသုံးချခြင်း စသည့်ကဏ္ဍများ ပါဝင်ပါသည်။

ဤကျွမ်းကျင်မှုများကို နိုင်ငံအလိုက် သတ်မှတ်ထားသော အလုပ်အကိုင်စံနှုန်းများနှင့်အညီ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကဏ္ဍသစ်များအဖြစ် ဖော်ဆောင်လေ့ရှိပြီး အစိုးရအသိအမှတ်ပြု TVET သင်တန်းအစီအစဉ်သစ်များမှတစ်ဆင့် စနစ်တကျ လေ့ကျင့်သင်ယူနိုင်ပါသည်။ ဥပမာအားဖြင့် ဟောင်ကောင် နိုင်ငံတွင် ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာနှင့် အကြံပေးဝန်ဆောင်မှု များ၊ စွမ်းအင်ချွေတာခြင်းနှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများကို အစိမ်းရောင်ကဏ္ဍများအဖြစ် သတ်မှတ်ထားသည်။ အထူးသဖြင့် လုပ်ငန်းခွင်များတွင် ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း (Environmental Audit)၊ စွမ်းအင်စီမံခန့်ခွဲမှု (Energy Management) နှင့် စီမံကိန်းများ၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို ကြိုတင်ဆန်းစစ်ခြင်း (Environmental Impact Assessment – EIA) ကဲ့သို့သော အဆင့်မြင့်ကျွမ်းကျင်မှုများသည် လက်ရှိလုပ်ငန်းခွင်တွင် အလိုအပ်ဆုံးနှင့် အဓိကအကျဆုံး နယ်ပယ်များအဖြစ် ရပ်တည်လျက်ရှိပါသည်။

(၂) Top-up skills –( ဖြည့်စွက်ကျွမ်းကျင်မှုများ)

ဤကျွမ်းကျင်မှုများသည် လက်ရှိ ဆောင်ရွက်လျက်ရှိသော အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှု များအပေါ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိအမြင်ဖြင့် ထပ်မံဖြည့်စွက်ရသည့် အရည်အချင်းများ ဖြစ်ပါသည်။  ထို့ကြောင့် လုပ်ငန်းခွင် ဆောင်ရွက်မှုနည်းလမ်းများနှင့် နည်းပညာရပ်ဆိုင်ရာတွင် စိမ်းလန်း သော ဆန်းသစ်တီထွင်မှုများ (Green Innovation) ဖော်ဆောင်ရန် လိုအပ်လာသည့်အခါ ဖြည့်စွက် ကျွမ်းကျင်မှု များ (Top-up Skills) ကို မြှင့်တင်ရန် လိုအပ်ပါသည်။

ဥပမာအားဖြင့် –

(၁) ဗိသုကာပညာရှင်များ: အဆောက်အအုံ ဒီဇိုင်းဆွဲရာတွင် သဘာဝအလင်းရောင် ရရှိမှုနှင့် စွမ်းအင် ချွေတာမှုကို အလေးပေး ထည့်သွင်းစဉ်းစားလာခြင်း၊

(၂) မော်တော်ကား စက်ပြင်ဆရာများ: သမားရိုးကျ အင်ဂျင်ပြင်ဆင်ခြင်းအပြင် လျှပ်စစ်ကား (EV) များ ပြုပြင်ထိန်းသိမ်းနည်းကို ထပ်မံလေ့လာခြင်း၊

(၃) စိုက်ပျိုးရေး လုပ်ငန်းရှင်များ: ဓာတုဗေဒ မြေသြဇာများအစား သဘာဝမြေသြဇာ ပြောင်းလဲသုံးစွဲ သည့် နည်းလမ်းများကို ကျင့်သုံးခြင်း စသည်တို့ ဖြစ်ပါသည်။

ဟောင်ကောင်နိုင်ငံ၏ အတွေ့အကြုံအရ ထိုသို့သော ကျွမ်းကျင်မှုမြှင့်တင်ခြင်းများကို သက်မွေးပညာ နှင့်လေ့ကျင့်ရေး (TVET) အစီအစဉ်များတွင် ထည့်သွင်းခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ စံနှုန်းများ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစိတ်အပိုင်းများ ထည့်သွင်းသတ်မှတ်ခြင်းနှင့် TVET ဝန်ထမ်းများ၏ ကိုယ်တိုင်ဦးဆောင်မှုများမှတစ်ဆင့် ဆောင်ရွက်လျက် ရှိပါသည်။ Top-up Skills များသည် များသော အားဖြင့် နည်းပညာသစ်များ သို့မဟုတ် လုပ်ငန်းစဉ်အသစ်များမိတ်ဆက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပြီး၊ လုပ်ငန်းခွင်အတွင်း လက်တွေ့ လေ့ကျင့်သင်ကြားပေးမှု (On-the-job training) များမှတစ်ဆင့် အကောင် အထည်ဖော်ဆောင်ရွက်လေ့ရှိပါသည်။

(၃) Generic green skills – (အထွေထွေ အစိမ်းရောင် ကျွမ်းကျင်မှုများ)

ဤကျွမ်းကျင်မှုများသည် နယ်ပယ်မရွေး၊ အလုပ်အကိုင်မရွေး လူတိုင်းတွင် ရှိသင့်သည့် အခြေခံ အသိအမြင်နှင့် ကျင့်ဝတ်များ ဖြစ်ကြပါသည်။ ၎င်းသည် နည်းပညာထက် စိတ်နေသဘောထား (Mindset) နှင့် နေ့စဉ်အလေ့အထများအပေါ် ပိုမိုအလေးပေးပါသည်။ ဥပမာအားဖြင့် –

(၁) စွမ်းအင်ချွေတာခြင်း: ရုံးခန်းနှင့် လုပ်ငန်းခွင်များတွင် မလိုအပ်ဘဲ လျှပ်စစ်မီးနှင့် စွမ်းအင် အသုံးမပြု မိစေရန် အလေးထားခြင်း၊

(၂) စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း: အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြု နိုင်သည့် (Recycle) ပစ္စည်းများကို သိရှိနားလည်ခြင်း၊

(၃) ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ: မိမိတို့၏ လုပ်ဆောင်ချက်တိုင်းက သဘာဝပတ်ဝန်းကျင်အပေါ် မည်သို့သက်ရောက်မှုရှိနိုင်သည်ကို သိရှိပြီး တာဝန်ယူလိုစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည် တို့ ဖြစ်ပါသည်။

Generic Green Skills များသည် မည်သည့်အသက်မွေးဝမ်းကျောင်းကဏ္ဍတွင်မဆို မရှိမဖြစ် လိုအပ်သော ပင်မအရည်အချင်းများ (Core Competencies) ဖြစ်ပြီး၊ အနာဂတ်ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ သိမြင်နားလည်မှုနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်း မြှင့်တင်ရန် ရည်ရွယ်ပါသည်။ Generic Green Skills များကို ကဏ္ဍကြီး (၄) ခုဖြင့် အောက်ပါအတိုင်း အမျိုးအစားခွဲခြားသတ်မှတ်နိုင်ပါသည် –

(က) သိမြင်မှုဆိုင်ရာ အရည်အချင်းများ (Cognitive Competencies): ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ၊ စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ပြဿနာများကို ရှုထောင့်ပေါင်းစုံမှ ဆင်ခြင်သုံးသပ်နိုင်စွမ်း။

(ခ) လူမှုဆက်ဆံရေးဆိုင်ရာ အရည်အချင်းများ (Interpersonal Competencies): ပြောင်းလဲမှုကို ဖော်ဆောင်နိုင်သည့် မဟာဗျူဟာမြောက် ဦးဆောင်မှု၊ စီးပွားရေးနှင့် ဂေဟစနစ်ဆိုင်ရာ ရည်မှန်းချက်များကို ပေါင်းစပ်စီမံနိုင်မှု။

(ဂ) ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းများ (Intrapersonal Competencies): နည်းပညာသစ်များနှင့် လိုက်လျောညီထွေရှိမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်အတွင်း Green လုပ်ငန်းစဉ်များသို့ ကူးပြောင်း နိုင်စွမ်းနှင့် စနစ်ဦးထွင် လုပ်ငန်းရှင်စိတ်ဓာတ် (Entrepreneurial Skills)။

(ဃ) နည်းပညာပိုင်းဆိုင်ရာ အရည်အချင်းများ (Technological Competencies): အရင်းအမြစ် သုံးစွဲမှုနှင့် စွန့်ပစ်ပစ္စည်းများကို တိုင်းတာစစ်ဆေးခြင်း၊ စနစ်တကျစီမံခန့်ခွဲခြင်းနှင့် ပတ်ဝန်းကျင်  ထိခိုက်မှုဆိုင်ရာ အန္တရာယ်စီမံခန့်ခွဲမှု (Risk Management)။

Generic Green Skills များသည် လုပ်သားထု၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံသာမက နိုင်ငံ၏ စီးပွားရေးကဏ္ဍကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးသော ပုံစံသို့ ကူးပြောင်းနိုင်ရန် အဓိက အခြေခံ အုတ်မြစ် ဖြစ်ပါသည်။

အနာဂတ်၏ Green Economy သို့ ကူးပြောင်းရာတွင် Green Skills အမျိုးအစား (၃) မျိုးသည် မရှိမဖြစ် အရေးပါသော မောင်းနှင်အားများ ဖြစ်ကြပါသည်။ Specific Skills သည် နည်းပညာပိုင်းဆိုင်ရာ တိုက်ရိုက်ကျွမ်းကျင်မှုကို အခြေခံ၍ စွမ်းအင်နှင့် အမှိုက်စီမံခန့်ခွဲမှုကဲ့သို့သော ကဏ္ဍများကို ဖော်ဆောင်ပြီး၊ Top-up Skills သည် ရှိပြီးသား လုပ်ငန်းခွင်များထဲသို့  Green Skillls အလေ့အကျင့်များကို ဆန်းသစ်စွာ ပေါင်းစပ်ဖြည့်စွက်ပေးပါသည်။ တစ်ချိန်တည်းမှာပင် Generic Skills သည် လူတိုင်းတွင် ရှိသင့်သည့် ပတ်ဝန်းကျင်သတိရှိမှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းကဲ့သို့သော အခြေခံတန်ဖိုးများကို တည်ဆောက်ပေး ပါသည်။ အချုပ်အားဖြင့်ဆိုရသော် ဤကျွမ်းကျင်မှုများသည် နည်းပညာနှင့်လက်တွေ့အသုံးချမှုဆိုင်ရာ တို့ကို ဟန်ချက်ညီညီ ပေါင်းစည်းထားခြင်းဖြစ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက သော့ချက်များ ဖြစ်ပါသည်။ ထိုအယူအဆများကို ကဏ္ဍအမျိုးမျိုးအတွင်း လက်တွေ့အသုံးချနိုင်ရန် သင်ကြားပေးသင့်သည်။Green Mindset ဖွံ့ဖြိုးတိုးတက်ရေးကို ကြော်ငြာပစ္စည်းများနှင့် လှုပ်ရှားမှု/ အခမ်းအနားများကို စနစ်တကျ ဒီဇိုင်းရေးဆွဲ၍ အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် ဆောင်ရွက်သင့်ပါသည်။

Greening TVET – Green skills

TVET ကဏ္ဍတွင် Green Skills များ ပေါင်းစပ်သင်ကြားခြင်းဖြင့်-

-အစိမ်းရောင်စီးပွားရေး (Greening Economy) လုပ်ငန်းစဉ်များတွင် တိုက်ရိုက်အထောက်အပံ့ ပေးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အခြေခံကျွမ်းကျင်မှုများ၊ လုပ်ငန်း ကဏ္ဍအားလုံးအတွက် ကျွမ်းကျင်မှု မြှင့်တင်ခြင်း၊

-ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) ဆိုင်ရာကိစ္စများအပေါ် အပြုသဘောဆောင်သော အမြင်နှင့် သဘောထားများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊

-TVET သည် ရာသီဥတုပြောင်းလဲမှု အပါအဝင် ရေရှည်တည်တံ့သောဖွံ့ဖြိုးမှု Sustainable Development ဆိုင်ရာ စိန်ခေါ်မှုမျိုးစုံအပေါ် လိုက်လျောညီထွေမှု နှင့် ဆန်းသစ်တီထွင်သော တုံ့ပြန်မှုများ ပံ့ပိုးပေးခြင်း၊

-TVET သည် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ကျောင်းသားများ၏ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်မှုတို့မှ တစ်ဆင့် လူမှုအသိုင်းအဝိုင်းကို အားဖြည့်မြှင့်တင်ခြင်း၊ စီးပွားရေးတီထွင်နိုင်မှု ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေခြင်း၊

-Green Industry ဖွံ့ဖြိုးမှုအတွက် စက်မှုလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း။

TVET သင်ရိုးညွှန်းတမ်းတွင် အစိမ်းရောင် အလေ့အကျင့်ဆိုင်ရာ ပညာရပ်များပေါင်းစပ်ခြင်း

TVET သင်ရိုးညွှန်းတမ်းတွင် အစိမ်းရောင် အလေ့အကျင့်ဆိုင်ရာ ပညာရပ်များပေါင်းစပ်ခြင်းတွင် Green Skills နှင့်သက်ဆိုင်သည့် Competencies များထည့်သွင်းခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင် သည့် နည်းလမ်းများ အသုံးပြုခြင်း၊ စွမ်းအင်ချွေတာမှုနှင့် အမှိုက်လျှော့ချရေးစနစ်များ အကောင်အထည် ဖော်ခြင်းနှင့် အဖွဲ့လိုက် Green Innovation Project များတီထွင်ခြင်း စသည့် နည်းလမ်းများဖြင့် လုပ်ဆောင်ရပါမည်။ ထို့ပြင် စက်မှုလုပ်ငန်းများ၊ NGO များ၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Green Skills Partnership တည်ဆောက်ခြင်း၊ ၎င်းတို့မှ နိုင်ငံအဆင့် TVET မူဝါဒများနှင့် ကိုက်ညီအောင် သင်ရိုးညွှန်းတမ်းဖွဲ့စည်းခြင်းများတွင်  ပူးပေါင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ရပါမည်။ ထိုမှတစ်ဆင့် လူငယ်များအနေဖြင့် သဘာဝနှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်လာပြီး စွမ်းအင်ချွေတာခြင်းနှင့် အမှိုက်လျှော့ချခြင်းစနစ်များ တီထွင်လာနိုင်ပြီး၊ စက်မှုလုပ်ငန်းများအတွက် သဘာဝနှင့်ညီညွတ်သော လုပ်ငန်းဆောင်ရွက်မှုများ မြှင့်တင်လာနိုင်မည်ဖြစ်ပါသည်။

အကျိုးကျေးဇူးများ

TVETသင်ရိုးမှာ စိမ်းလန်းရေးလေ့ကျင့်မှုများ ထည့်သွင်းသင်ကြားခြင်းအားဖြင့် ရရှိနိုင်သော အားသာချက်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်

-Green Skills Trainer, Sustainability Educator သို့မဟုတ် Eco-Curriculum Developer အဖြစ် အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာနိုင်ခြင်း၊

-TVET သင်ရိုးအတွင်း အဆင့်မြှင့်ခြင်းအားဖြင့် Sustainable Development Goals (SDGs) နှင့် နိုင်ငံအဆင့် စိမ်းလန်းတိုးတက်မှု မဟာဗျူဟာများနှင့် ကိုက်ညီလာစေခြင်း၊

-Green Certification ရရှိနိုင်ခြင်း၊ နိုင်ငံတကာပူးပေါင်းမှုများတွင် ပါဝင်နိုင်ခြင်း စသည့် ဂုဏ်သတင်း နှင့် အသိအမှတ်ပြုမှုများ ရရှိနိုင်ခြင်း၊

-စွမ်းအင်သုံးစွဲမှု လျှော့ချခြင်း၊ အမှိုက်လျှော့ချပေးခြင်းနှင့် သစ်တောနှင့်သက်ဆိုင်သော စံနမူနာ campus တည်ဆောက်နိုင်ခြင်း စသည့်  သဘာဝ အရင်းအမြစ်ချွေတာမှုများ ဆောင်ရွက်နိုင်ခြင်းနှင့်

-သန့်ရှင်းသောစွမ်းအင်၊ စိမ်းလန်းစိုက်ပျိုးရေးနှင့် အမှိုက်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ပါဝင်ပံ့ပိုးနိုင်သဖြင့်  တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်ခြင်းတို့ ဖြစ်ပါသည်။

နိဂုံး

အချုပ်အားဖြင့်ဆိုရသော် အနာဂတ်၏ Green Economy သို့ ကူးပြောင်းရာတွင် Specific green skills (အထူးပြု အစိမ်းရောင် ကျွမ်းကျင်မှုများ)၊ Top-up Skills (ဖြည့်စွက် အစိမ်းရောင် ကျွမ်းကျင်မှုများ) နှင့် Generic green skills  (အထွေထွေ အစိမ်းရောင် ကျွမ်းကျင်မှုများ) စသည့် Green Skills အမျိုးအစား (၃) မျိုးသည် မရှိမဖြစ် အရေးပါသော မောင်းနှင်အားများ ဖြစ်ကြပါသည်။ TVET သင်ရိုးညွှန်းတမ်းများတွင် ဤအစိမ်းရောင်ကျွမ်းကျင်မှုများကို ထိရောက်စွာ ပေါင်းစပ်သင်ကြားခြင်းဖြင့် နိုင်ငံ၏ အစိမ်းရောင် လူမှု စီပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသာမက သန့်ရှင်း၍ ရေရှည်တည်တံ့ သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (SDGs) ကိုပါ အထောက်အပံ့ပြုနိုင်မည် ဖြစ်ပါသည်။

References:

Greening Skills and Competencies for TVET- Dr Margarita Pavlova

Dr Zin Mar Nyo