နိဒါန်း

နည်းပညာများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ AI (Artificial Intelligence) သည် TVET ပညာရေး တွင် မရှိမဖြစ်လိုအပ်သည့် နည်းပညာတစ်ခုဖြစ်လာပါသည်။ စီးပွားရေးလုပ်ငန်းများတွင် လိုအပ်သော နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်သူအတတ်ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရသည့် TVET သင်ကြားရေးကဏ္ဍအနေနဲ့ AI ကို မှန်ကန်သည့်ပုံစံဖြင့် နားလည်စွာ သုံးစွဲ နိုင်ခြင်းသည် ဆရာ၊ဆရာမများအတွက်  လိုအပ်သော အဓိကစွမ်းရည်တစ်ရပ်ဖြစ်လာနေပြီ ဖြစ်ပါသည်။

AI သည် ကျောင်းသား၊ကျောင်းသူများ၏ သင်ကြားသင်ယူမှုပုံစံများကို ချိန်ညှိဖြည့်စွက်ပေးခြင်း၊ သင်ကြားရေးလုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ခြင်း ၊ လွယ်ကူမြန်ဆန်၍ အချိန်ကုန်သက်သာ စေခြင်းစသည်တို့ဖြင့် TVET ပညာရေးတွင် အသုံးဝင်သည့် နည်းပညာတစ်ခုဖြစ်လာပါသည်။ ထိုကြောင့် TVET ဆရာ၊ ဆရာမများအနေဖြင့် AI ၏ အခြေခံနည်းလမ်းများကို နားလည်ပြီး သင်ကြားသင်ယူမှုစနစ် တွင် မှန်ကန်သင့်လျော်စွာ ပေါင်းစပ်အသုံးချနိုင်ခြင်းဖြင့် ပိုမိုတိုးတက်ကောင်းမွန်သော ပညာရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

ရည်ရွယ်ချက်များ

-AI, IoT ကဲ့သို့သော တိုးတက်လာသော နည်းပညာအသစ်များကို လေ့လာရန်။

-AI နည်းပညာကို သင်ကြားသင်ယူမှုတွင် မှန်ကန်စွာ ပေါင်းစပ်အသုံးချနိုင်စေရန်။

-TVET ဆရာ၊ဆရာမများ၏ Training Quality Assurance ကို မြှင့်တင်ရန်။

AI ဆိုသည်မှာ Artificial Intelligence ရဲ့ အတိုကောက်စာလုံးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူသားဉာဏ်ရည်တူ မှတ်ဉာဏ်တုလို့လည်း ခေါ်ဆိုကြပါတယ်။ AI ဆိုတာ အလိုအလျောက် သင်ယူ လေ့လာနိုင်အောင် လေ့ကျင့်သင်ကြားထားသော ကွန်ပျူတာပရိုဂရမ် တစ်ခုဖြစ်ပါတယ်။ ခက်ခဲသော ပုစ္ဆာများ တွက်ချက်ဖြေရှင်းနိုင်ခြင်း၊ စာအုပ်များ အလွယ်တကူ ရှာဖွေနိုင်ခြင်းနှင့် လူသားတစ်ယောက်ကဲ့သို့ ပြောဆိုလုပ်ကိုင်နိုင်ခြင်း၊ Assignment, Lesson Plan များ ရေးဆွဲပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူး များစွာ ရှိသည့်အတွက် ယနေ့ခေတ်တွင် လူကြီး၊လူငယ်များကြားတွင် AI နည်းပညာကို  ကျယ်ပြန့်စွာ အသုံးပြုနေကြပြီ ဖြစ်ပါသည်။

AI စွမ်းဆောင်ရည်ဆိုင်ရာ ကဏ္ဍများ (Aspects of the AI Competency Framework)

နည်းပညာများ၏ လျင်မြန်စွာ ပေါ်ထွက်လာမှုသည် သင်ကြားရေး၊ သင်ယူမှုနှင့် အကဲဖြတ်မှုတို့ကို နက်နက်ရှိုင်းရှိုင်း ပြောင်းလဲလျက်ရှိရာ၊ ဆရာများအတွက် AI စွမ်းဆောင်ရည်များကို တည်ဆောက်ရန် အရေးတကြီး လိုအပ်ကြောင်းကို မီးမောင်းထိုးပြပါသည်။ သင်ကြားရေးတွင် စွမ်းရည်ပိုမိုတိုးတက် ကောင်းမွန်လာစေရန် အခြေခံအားဖြင့် ရှုထောင့် ငါးမျိုးမှ သုံးသပ်တင်ပြထားပါသည်။ AI ဆိုင်ရာ စွမ်းရည် ပိုမိုတိုးတက်ကောင်းမွန်စေသော နည်းလမ်းများမှာ-

(၁) လူသားဗဟိုပြုသော နည်းလမ်းဖြင့် ပေါင်းစပ်အသုံးပြုခြင်း (Human-centered Mindset)

AI ကို အခြေခံ၍ လူသားဗဟိုပြုသော နည်းလမ်းဖြင့် ပေါင်းစပ်အသုံးပြုခြင်း ဆိုသည်မှာ ပညာရေး အတွင်း AI ကို အသုံးချရာတွင် နည်းပညာ၏ အဆင့်မြှင့်တင်မှုကိုသာ အလေးထားခြင်းမဟုတ်ဘဲ လူသား၏ တန်ဖိုးများ၊ လိုအပ်ချက်များနှင့် လူ့အခွင့်အရေးများကို အဓိကထားစဉ်းစားသုံးသပ်ခြင်းကို ဆိုလိုပါသည်။ AI ကို အသုံးချရာတွင် ၎င်း၏ အကျိုးကျေးဇူးများ၊ ကန့်သတ်ချက်များ နှင့် ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ ထို့အပြင် လူသားဗဟိုပြုသော နည်းလမ်းဖြင့် AI ကို ပေါင်းစပ်အသုံးပြုခြင်းသည် ကျောင်းသားများ၏ ကိုယ်ပိုင်လိုအပ်ချက်များ၊ စွမ်းရည် အဆင့် များနှင့် သင်ယူမှု ပုံစံများကို ထောက်ထားစဉ်းစားပြီး သင်ယူမှုကို ပိုမို ထိရောက်စေရန် ရည်ရွယ်ပါ သည်။ သို့ရာတွင် ကိုယ်ရေး ကိုယ်တာအချက်အလက်ကာကွယ်ရေး၊ တရား မျှတမှုနှင့် တာဝန်ယူမှုတို့ကို အမြဲတမ်း လိုက်နာထိန်းသိမ်းရမည် ဖြစ်ပါသည်။

သင်ယူသူတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်၊ စိတ်ဝင်စားမှုနှင့်လေ့လာပုံအပေါ် မူတည်ပြီး သင်ကြားမှု အကြောင်းအရာများကို AI နည်းပညာဖြင့် အလို အလျောက် ချိန်ညှိပေးသော စနစ်ဖြစ်ပါသည်။ သင်ယူသူကို ကိုယ်ပိုင်အချိန်နှင့်အတိုင်း သင်ယူခွင့်ပေးပြီး၊ ဆရာများအတွက်လည်း သင်ကြားရေးတိုးတက်မှုကို ချက်ချင်း သိစေနိုင်ပါသည်။ Digital Platform များ မှတဆင့် မည်သည့်နေရာမဆို သင်ယူနိုင်သော အခွင့်အလမ်း လည်းပေးနိုင်သဖြင့် ပညာရေး၏ ဒစ်ဂျစ်တယ် ပြောင်းလဲမှုတွင် အရေးပါသော နည်းပညာတစ်ခု ဖြစ်ပါသည်။ ဤနည်းစနစ်များကြောင့် ကျောင်းသားများအနေဖြင့် မိမိ၏ အားသာချက်နှင့် အားနည်းချက်များကို အခြေခံ ပြီး ကိုယ်ပိုင် သင်ကြား အကဲဖြတ်နိုင်မှုနှင့်နှင့် တုံ့ပြန်မှုများကိုရရှိနိုင်ပါသည်။

(၂) AI ၏ ကျင့်ဝတ်ဆိုင်ရာ အချက်အလက်များ (Ethics of AI)

သင်ကြားရေးတွင် ဆရာ၊ ဆရာမများအနေဖြင့် AI ၏ ကျင့်ဝတ်နှင့်ပတ်သက်သည့် အခြေခံ စည်းမျဉ်းစည်းကမ်းများ၊ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများကို နားလည်သဘောပေါက်၍ လက်တွေ့ အသုံးချ နိုင်ရန် လိုအပ်ပါသည်။ AI ၏ အခြေခံကျင့်ဝတ်ဆိုင်ရာ အယူအဆများကို ဆရာ၊ ဆရာမများက အဆင့်ဆင့် ပိုမိုနက်ရှိုင်းစွာ နားလည်လာနိုင်ရေးကို သတ်မှတ်ပေးသည့်အပြင်၊ AI ကို လုံခြုံမှုရှိ၍ တာဝန်ယူမှုရှိသော နည်းလမ်းဖြင့် အသုံးပြုနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများနှင့် ကျင့်ဝတ်ဆိုင်ရာစည်းမျဉ်းများကို ပြောင်းလဲညှိနှိုင်းအသုံးချရာတွင် ပါဝင်ဆောင်ရွက်နိုင်သည့် ကျယ်ပြန့်သော စွမ်းရည်များကိုလည်း တိုးတက် လာစေနိုင်ပါသည်။

(၃) AI ၏ အခြေခံနှင့် အသုံးချမှုများ (AI Foundations and Applications)

ဆရာ၊ ဆရာမများအနေဖြင့် AI ကို အခြေခံအဆင့်ဖြင့် နားလည်ပြီး AI ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်၊ မည်သို့ အလုပ်လုပ်သည်ကို နားလည်ရမည်ဖြစ်ပြီး AI နည်းပညာများ၏ အဓိကအမျိုးအစား များကိုလည်း သိရှိထားရမည်ဖြစ်ပါသည်။ ထို့အပြင် သင်ကြားရေးအခြေအနေအလိုက် သင့်လျော်သော AI Tool များကို ရွေးချယ်အသုံးချနိုင်ရမည် ဖြစ်ပြီး၊ ၎င်းတို့၏ အားသာချက်များနှင့် ကန့်သတ်ချက်များကို သိရှိထားရပါမည်။

AI Tool များကို အသုံးချခြင်းဖြင့် သင်ယူသူများသည် စဉ်းစားနိုင်စွမ်း (Critical thinking) ၊ အသိ ပညာ (Knowledge) ၊ စိတ်ကူးစိတ်သန်းများ (Ideas) ကို တိုးတက်စေပြီး ပရောဂျက်များနှင့် လက်တွေ့ ကျွမ်းကျင်မှုများတွင် ဖန်တီးမှုနှင့် ထိရောက်မှုကို မြှင့်တင်နိုင်ပါသည်။ ဥပမာ – ChatGPT, Gemini, Canva, Copilot စသည့် AI Tool များကို ပရောဂျက်များတွင် စာရေးခြင်း၊ စိတ်ကူးစိတ်သန်းများ ဖန်တီးခြင်းနှင့် လက်တွေ့ လေ့ကျင့်မှုများတွင် အသုံးချနိုင်ပါသည်။ ထို့အပြင် AI Tool များကို အသုံးပြုခြင်းဖြင့် တစ်ဦးချင်းစီလိုက် သင်ယူမှု (Personalized Learning) ၊ အချိန်မီတုံ့ပြန်မှုနှင့် အကဲဖြတ်ခြင်း (Real-time feedback and Assessment) ၊ အဖွဲ့လိုက်လေ့လာမှုနှင့် ဆွေးနွေးမှု (Collaboration and Communication) ၊ ဆရာ၊ ဆရာမများအတွက် အချိန်စီမံခန့်ခွဲမှု (Time  Management) ၊ ဖန်တီးမှုနှင့် နည်းပညာဆန်းသစ်မှု (Innovation and Creativity) တို့ကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ကျောင်းသား များ၏ အသက်အရွယ်အလိုက် လိုအပ်ချက်များနှင့် ကိုက်ညီအောင် AI  Tool များကို ပြင်ဆင်အသုံးချခြင်း ဖြင့် ကျောင်းသားဗဟိုပြုသော သင်ကြားသင်ယူရေးပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

AI သင်ကြားရေးနည်းပညာသည် လက်တွေ့ကျသော သင်ကြားမှုနှင့် သင်ယူမှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်ထားပါသည်။ ဆရာ၊ ဆရာမများသည် သင်ခန်းစာအစီအစဉ် (Lesson Plan)၊ သင်ကြားမှု မှတ်တမ်း (Teaching Report) ၊ လက်တွေ့သင်ကြားမှုများ (Practical Job) အပါအဝင် သင်ကြားရေး ဆိုင်ရာ လုပ်ဆောင်ချက်များတွင် AI Tool များနှင့် Learning Management System (LMS) စနစ်များကို ထိရောက်စွာ အသုံးချနိုင်မည် ဖြစ်ပါသည်။

TVET ပညာရေးတွင် AI သင်ကြားရေးနည်းပညာကို အသုံးချခြင်းသည် သင်ကြားမှုနှင့် သင်ယူမှုကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေရန်၊ စဉ်းစားနိုင်စွမ်း၊ အသိပညာ၊ ဖန်တီးမှုနှင့် လက်တွေ့ကျွမ်းကျင်မှု တို့ကို တိုးတက်စေရန် အရေးပါသော နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။

(၅) ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် AI အသုံးချခြင်း (AI for Professional Development)

AI နည်းပညာများ အရှိန်မြန်စွာ တိုးတက်သည်နှင့်အမျှ ဆရာ၊ ဆရာမများသည် AI နည်းပညာကို အသုံးပြု၍ လေ့လာမှု လိုအပ်ချက်များကို သုံးသပ်နိုင်ခြင်း၊ ဘဝတစ်လျောက် အစဉ်မပြတ် လေ့လာလိုစိတ် နှင့် ပရော်ဖက်ရှင်နယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခြင်းတို့လုပ်ဆောင်ပြီး ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက် မှုကို စဉ်ဆက်မပြတ်တိုးတက်စွာ လုပ်ဆောင်သွားရန် လိုအပ်ပါသည်။

AI သင်ကြားရေးနည်းပညာ၊ AI အခြေခံအချက်အလက်များ၊ ကျင့်ဝတ်ဆိုင်ရာ နည်းလမ်းများနှင့် ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုတို့သည် သီးသန့်မဟုတ်ဘဲ အချင်းချင်းပေါင်းစပ်ပြီး ချိတ်ဆက်မှုရှိမည် ဖြစ်ပါသည်။ ဥပမာ- ဆရာတစ်ဦး၏ သင်ကြားရေးတွင် AI နည်းပညာအသုံးချနိုင်စွမ်းသည် AI အခြေခံ အချက်အလက်များအပေါ် နားလည်မှု၊ ဘဝတစ်လျောက် စဉ်ဆက်မပြတ် တိုးတက်စွာ လေ့လာလိုစိတ်နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များအပေါ် အခြေခံမည် ဖြစ်ပါသည်။ ထို့သို့ပင် AI  Tool များကို သင်ကြားမှုတွင် အသုံးချရာတွင် ဖြစ်ပေါ်နိုင်သည့် ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်စွမ်းသည် AI အခြေခံအချက်အလက်များနားလည်မှုနှင့် ပညာရေးတွင် AI အသုံးချမှုအတွေ့အကြုံတို့မှ လမ်းညွှန်ပြသပေးနိုင်မည် ဖြစ်ပါသည်။

AI ကို ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးချခြင်းသည် ဆရာ၊ ဆရာမများ၏ သင်ကြားမှု စွမ်းရည်၊အတွေ့အကြုံ၊ လက်တွေ့လုပ်ငန်းများ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဘဝတစ်လျောက် အစဉ်မပြတ် လေ့လာလိုမှု တို့ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။

AI နည်းပညာနှင့် အနာဂတ် TVET သင်ကြားမှု ဖွံ့ဖြိုးတိုးတက်ရေး၏ အားသာချက်များ

AI နည်းပညာနှင့် အနာဂတ် TVET သင်ကြားမှု ဖွံ့ဖြိုးတိုးတက်ရေး၏ အားသာချက်များမှာ-

-သင်ယူသူများ၏ ဖန်တီးမှုနှင့် စွမ်းဆောင်ရည်များကို AI အကူအညီဖြင့်တိုးတက်စေနိုင်ခြင်း။

-သင်ယူသူများ၏ ကိုယ်ပိုင်စွမ်းရည်နှင့် လေ့လာမှုစိတ်အားထက်သန်မှုကို မြှင့်တင်နိုင်ခြင်း။

-သင်ယူမှုနှင့် သင်ကြားမှု အကျိုးသက်ရောက်မှုများကို တိုးတက်စေရန် အချက်အလက်များနှင့် အစီအစဉ်များကို အသုံးချနိုင်ခြင်း။

-သင်ကြားမှုအရည်အသွေးကို အမြင့်ဆုံးအဆင့်သို့ တိုးတက်စေရန် AI ကိရိယာများကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း။

-အနာဂတ် TVET သင်ကြားမှုကို နည်းပညာတိုးတက်မှုနှင့် လိုက်လျောညီထွေစွာ ဖွံ့ဖြိုးတိုးတက် စေရန် အခြေခံဖြစ်စေခြင်း။

နိဂုံး

အနာဂတ်ပညာရေးတွင် AI နည်းပညာကို ထိရောက်စွာ အသုံးချခြင်းသည် သင်ကြားသင်ယူမှုကို တိုးတက်စေပြီး လက်တွေ့ကျွမ်းကျင်မှု၊ စဉ်းစားနိုင်စွမ်းနှင့် ဖန်တီးမှုတို့ကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ AI Tool များကို သင်ကြားရေးနည်းလမ်းများနှင့် ပေါင်းစပ်အသုံးချခြင်းဖြင့် ဆရာ ၊ ဆရာမများသည် သင်ခန်းစာ အစီအစဉ်များ၊ သင်ကြားမှုမှတ်တမ်းများ၊ လက်တွေ့လေ့ကျင့်မှုများကို ပိုမိုထိရောက်စွာ စီမံနိုင်မည် ဖြစ်ပါ သည်။ ထို့အပြင် AI သည် ပညာရေးဆိုင်ရာ သုတေသန၊ အချက်အလက် ခွဲခြမ်းစိစစ်မှုများနှင့် ကိုယ်ပိုင် ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ပြီး အနာဂတ်ပညာရေးနှင့်ကိုက်ညီစွာ ဖွံ့ဖြိုး တိုးတက်စေနိုင်ပါသည်။ ထို့ကြောင့် ပညာရေးဆိုင်ရာ မူဝါဒချမှတ်ခြင်း၊ သင်ကြားရေးနည်းလမ်းသစ်များ ဖန်တီးခြင်းနှင့် သင်ယူသူများ၏ စွမ်းရည်တိုးတက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များတွင် AI ကို အကျိုးရှိစွာ ထည့်သွင်းအသုံးချခြင်းသည် အနာဂတ် TVET ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဖြစ်မနေလိုအပ်သည့် အချက်ပင် ဖြစ်ပါတော့သည်။

Research