ဦးစီးဌာန၏ နောက်ခံသမိုင်း
၁၈၉၅ခုနှစ် မှစတင်၍ အင်းစိန်စက်မှုလက်မှုသိပ္ပံတွင် အင်ဂျင်နီယာအတတ်ပညာသင်ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး စက်မှုနှင့်သက်မွေးပညာကဏ္ဍအား ကိုလိုနီခေတ်၊ ဒုတိယကမ္ဘာစစ်ကာလအထိ ထိုသင်တန်းကျောင်းတစ်ခုတည်းဖြင့်သာ ဆောင်ရွက်ခဲ့ပါသည်။၁၉၄၈ခုနှစ်၊ လွတ်လပ်ရေးရရှိပြီး ပါလီမန်အစိုးရခေတ်များတွင် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် အမေရိကန်နိုင်ငံ အစိုးရ Ford foundationမှ (၃) နှစ်ကြာ လေ့လာခဲ့ပြီး အသေးစိတ်စီမံကိန်းများ ရေးဆွဲခဲ့ ပါသည်။
ထို့နောက် အင်းစိန်မြို့ရှိ အင်ဂျင်နီယာ အတတ်ပညာသင်ကျောင်းအား သိပ္ပံအဆင့် ပြင်ဆင်ဖွဲ့စည်းခဲ့ ပါသည်။ ထို့အပြင် စက်မှုအထက်တန်းကျောင်း(၂)ကျောင်း (နတ်မောက်/ဘောင်ထရီ) ကျောင်းများကို ဖွင့်လှစ် ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်း ဥပဒေနှင့်အညီ ထိုစဉ်က ပညာရေးဝန်ကြီးဌာနအောက်တွင် စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနကို ထူထောင်ခဲ့ ပါသည်။ ကျန်ရှိသော စိုက်ပျိုးရေးပညာဌာန လက်အောက်ရှိ စိုက်ပျိုးရေးသိပ္ပံများနှင့် စိုက်ပျိုးရေး အထက် တန်းကျောင်းများအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်သို့ လည်းကောင်း၊ မွေးမြူရေးအထက်တန်းကျောင်းများအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်သို့ လည်းကောင်း အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ကျန်ရှိသော သက်မွေးပညာဌာနခွဲအောက်ရှိ သက်မွေးပညာသင်ကျောင်းများ အားလုံးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနများသို့ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ ပါသည်။ ယင်းအချိန်မှစ၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ စိုက်ပျိုးရေးပညာကဏ္ဍနှင့် သက်မွေးပညာရေး ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း လုံးဝမရှိတော့ကြောင်း တွေ့ရှိရပါသည်။
၁၉၉၆ ခုနှစ်မှစ၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် စက်မှုပညာဌာနခွဲ လက်အောက်ရှိ စက်မှု လက်မှုသိပ္ပံများနှင့် စက်မှုလက်မှုအထက်တန်းကျောင်းများကိုသာ စီမံခန့်ခွဲခဲ့ပါသည်။ နိုင်ငံတော်၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအား နိုင်ငံတော်အစိုးရမှ ၁၉၉၆ ခုနှစ်တွင် သီးခြား ဝန်ကြီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထိုအချိန်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနအား ဖျက်သိမ်းခဲ့ပါသည်။ ယင်းဦးစီးဌာနလက်အောက်ရှိ ဌာနခွဲ(၃)ခုအနက်မှ စက်မှုပညာဌာနခွဲအောက်တွင်ရှိသည့် စက်မှုလက်မှုသိပ္ပံ များ၊ စက်မှုအထက်တန်းကျောင်းများအား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ လွှဲပြောင်း လက်ခံခဲ့ပါသည်။
၂၀၁၄ခုနှစ် စက်တင်ဘာလတွင် အမျိုးသားပညာရေးပဒေ ပြဌာန်းခဲ့ပါသည်။ယင်းပဒေတွင် နိုင်ငံတော် သည် ပညာရေးကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ဖော်ပြထားပါသည်။
(က) အခြေခံပညာရေး
(ခ) နည်းပညာနှင့် သက်မွေးပညာရေး
(ဂ) အဆင့်မြင့်ပညာရေး
စက်မှုနှင့်သက်မွေးပညာဦးစီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များကို အဆင့်မြင့်ပညာရေး အောက်တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန လက်အောက်တွင် အစိုးရ နည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း များသာ ပါဝင်၍ ၂၀၁၄ခုနှစ် ၊ ဒီဇင်ဘာလက ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲခဲ့ပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) မှ သဘောတူခွင့်ပြုချက်အရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၈၄/၂၀၁၅) ဖြင့် စက်မှုနှင့်သက်မွေးပညာဦးစီးဌာနကို ၂၀၁၅ခုနှစ် ဧပြီလ (၁)ရက်နေ့မှစ၍ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနအဖြစ် ဖွဲ့စည်းပုံအသစ်ဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။
ရည်မှန်းချက်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) သင်ယူလိုသူတိုင်း သက်မွေးပညာ သင်ယူနိုင်မည့် အခွင့်အလမ်းရရှိစေရေး တိုးမြှင့်ဆောင်ရွက်ရန်၊
(ခ) နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်းဝင်ငွေ မြင့်မားရေးကို သက်မွေးပညာဖြင့် အထောက်အကူပြုရန်။
ရည်ရွယ်ချက်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၏ ရည်ရွယ်ချက်များ
(က) နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍတို့၏ လိုအပ်ချက်များကို ပြည့်မီစေရေးအတွက် အရည်အသွေးပြည့်ဝသော နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်သူ အတတ်ပညာရှင်များနှင့်ကျွမ်းကျင်လုပ်သားများကိုလေ့ကျင့်မွေးထုတ်ပေးခြင်း၊
(ခ) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ လုပ်သားဈေးကွက် (Labour Market) အခြေအနေ၊ ပညာရပ်အမျိုးအစားအလိုက် အလုပ်အကိုင် အခွင့်အလမ်း (Employment Opportunities) များအပေါ် အခြေခံကာ လိုက်လျောညီထွေဖြစ်စေမည့် သက်မွေးပညာရပ် အမျိုးအစားများနှင့် ကျောင်း များ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊
(ဂ) နည်းပညာနှင့် သက်မွေးပညာရပ်များကို သင်ယူလိုသူတိုင်း သင်ယူခွင့်ရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊
(ဃ) အရည်အသွေးရှိသော နည်းပညာနှင့် သက်မွေးပညာရပ် ဝန်းကျင်ကောင်း ဖြစ်ပေါ်စေရန် နည်းပညာနှင့် သက်မွေးပညာရပ်ဆိုင်ရာ ဆရာ၊ ဆရာမနှင့် စီမံခန့်ခွဲသူများ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အား မြှင့်တင်ပေးခြင်း၊
(င) တိုးတက်ပြောင်းလဲနေသော နိုင်ငံတကာအဆင့်အတန်း စံနှုန်းများကို မျက်ခြည်မပြတ် လေ့လာသုံးသပ်၍ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသင်ယူ လေ့ကျင့်မှုနည်းစနစ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊
(စ) နည်းပညာနှင့် သက်မွေးပညာသင်ကျောင်းများတွင် ဒေသဖွံ့ဖြိုးရေးကို ဖြစ်စေ သည့် သင်တန်းများကို လေ့ကျင့်သင်ကြားပေးနိုင်ရန်အတွက် လေ့လာဆန်းစစ် အကဲဖြတ်ခြင်းနှင့် သုတေသနပြုခြင်းများ အားပေးဆောင်ရွက်ခြင်း၊
(ဆ) နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကို ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းသော စီမံခန့်ခွဲမှုစနစ်တစ်ရပ် တည်ထောင်ခြင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာ အားကောင်းလာစေရန် ဆောင်ရွက်ခြင်း။
မူဝါဒ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၏မူဝါဒများ
(က) ခေတ်မီဖွံ့ဖြိုးသော စီးပွားရေးကို ဖြစ်ထွန်းစေနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊
(ခ) နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်များအား သင်ယူလိုသူတိုင်း သင်ယူခွင့်ရရှိစေရေး ဆောင်ရွက်ရန်၊
(ဂ) ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းအမျိုးအစားများနှင့် သင်ကြားသင်ယူလေ့ကျင့်မှု အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး ဆောင်ရွက်ရန်၊
(ဃ) နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍ ပိုမို ပူးပေါင်းပါဝင်နိုင်စေရေးအတွက် အားပေးမြှင့်တင်ရေး ဆောင်ရွက်ရန်၊
(င) နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်များကို ဘဝတစ်လျှောက် စဉ်ဆက်မပြတ် သင်ယူခွင့်ရရှိစေရေး ဆောင်ရွက်ရန်၊
(စ) နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းကျောင်း များ၏ သင်ကြားသင်ယူလေ့ကျင့်မှု အစီအစဉ်များအတွက် အရည်အသွေး အာမခံချက်ရှိစေရေး ဆောင်ရွက်ရန်၊
(ဆ) လုပ်ငန်းခွင်အတွက် လိုအပ်သော ကျွမ်းကျင်သူများ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး ချိတ်ဆက်ဆောင်ရွက်ရန်။
| စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သောကာလ |
|---|---|---|---|
| ၁ | ဦးဝင်းမော်ထွန်း | B.E(Mechnical) | ၂၇ . ၂ . ၂၀၁၅ - ၁၂ . ၉ . ၂၀၁၆ |
| ၂ | ဒေါက်တာအေးမြင့် | Ph.D(Metallurgy) | ၂၉ . ၉ . ၂၀၁၆ - ၆ . ၁၁ . ၂၀၂၀ |
| ၃ | ဒေါက်တာစိုင်းကျော်နိုင်ဦး | Ph.D(Metallurgy) | ၁၀ . ၇ . ၂၀၂၀ - ၂၄ . ၉ . ၂၀၂၂ |
| ၄ | ဒေါက်တာ ဌေးသွင် | Ph.D(Electronics) | ၂၁ . ၂ . ၂၀၂၃ မှ ယနေ့အထိ |







