နိဒါန်း
ခေတ်သစ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပညာရေးနယ်ပယ်တွင်လည်း နည်းပညာများကိုအသုံးပြု၍ ၂၁ရာစုသင်ကြားသင်ယူမှုပုံစံများ ပြောင်းလဲလာခဲ့ပါသည်။ TVET (Technical and Vocational Education and Training) သည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မောင်းနှင်အား ဖြစ်ပါသည်။ ၂၁ရာစု၏ စက်မှုတော်လှန်ရေး 4.0 နှင့် ဒစ်ဂျစ်တယ် စီးပွားရေးအသွင် ကူးပြောင်းမှုတွင် TVET ပညာရေးသည် ၂၁ ရာစု သင်ကြား သင်ယူမှု ပုံစံနှင့် ICT နည်းပညာများ ပေါင်းစပ် အသုံးပြုခြင်းဖြင့် ပိုမိုထိရောက်သော ရလဒ်ကောင်းများ ရရှိနိုင်ပါသည်။ ဤဆောင်းပါးတွင် ၂၁ရာစု သင်ကြား သင်ယူမှုပုံစံအရေးပါမှုနှင့်အသုံးပြု၍ မည်သို့ထိရောက်စွာ သင်ကြားသင်ယူခြင်းများ ပြုလုပ်နိုင်ပါကြောင်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။
၂၁ ရာစု သင်ကြားသင်ယူမှုပုံစံ (21st Century Learning Design)
၂၁ ရာစု သင်ကြားသင်ယူမှုပုံစံသည် ရိုးရာပုံစံများထက်ကွဲပြားပြီး ကျောင်းသားဗဟိုပြု (Student-Centered) သော ချဉ်းကပ်နည်းကို အခြေခံပါသည်။ ဤပုံစံသည် ပြဿနာဖြေရှင်းခြင်း၊ ဆန်းသစ် တီထွင်ခြင်း၊ ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (4Cs) စသည့် ခေတ်မီ စွမ်းရည်များ ဖွံ့ဖြိုးစေရန် ရည်ရွယ် ပါသည်။ ၂၁ ရာစု စွမ်းရည်များ (4Cs) ဆိုသည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) Critical Thinking (ဝေဖန်ပိုင်းခြားစဉ်းစားတွေးခေါ်မှု)
အချက်အလက်များကို ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်နိုင်ခြင်းတို့ဖြစ်ပြီး ကျောင်းသားများသည် အချက် အလက်ကောင်းကောင်းစုဆောင်းနိုင်ခြင်း၊ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း၊ယခင်ယုံကြည်ချက်/မျှော်မှန်းချက်ကို ပြန်သုံးသပ်နိုင်ခြင်း ၊ မှန်ကန်တဲ့သက်သေပြချက်အပေါ်အခြေခံပြီးဆုံးဖြတ်နိုင်ခြင်း စသည့်တို့အား နားလည် သိရှိ ၍ဆောင်ရွက်တတ်သွားမည် ဖြစ်ပါသည်။ ဥပမာ- Solar Power vs Generator ကို ရွေးချယ်ရာတွင် စရိတ်၊ ပတ်ဝန်းကျင် သက်ရောက်မှု၊ အမြဲသုံးနိုင်နိုင်မှု၊ တို့ဖြင့်နှိုင်းယှဉ်ပြီး အသင့်တင့်ဆုံး ရွေးချယ်မူ့အား အချက်အလက်အရ ဆုံးဖြတ်သွားမည် ဖြစ်ပါသည်။
(ခ) Creativity (ဆန်းသစ်တီထွင်မှု)
ကျောင်းသား၊ကျောင်းသူများသည် ထူးခြားသော အိုင်ဒီယာများဖန်တီးခြင်းများ ပြုလုပ်တတ်လာမည် ဖြစ်ပါသည်။ ဥပမာ-မရှိသေးသော အိုင်ဒီယာတစ်ခုအားမိမိစဉ်းစားချက်နဲ့ ထွက်လာခြင်း၊ သဘောထား တစ်မျိုး တည်းမဟုတ်ဘဲ မတူညီတဲ့ရူထောင့်တွေနဲ့စဉ်းစားနိုင်ခြင်း၊ အိုင်ဒီယာတစ်ခုကို ဗဟုသုတအခြေပြုပြီး ပို၍တိုးချဲ့နိုင်ခြင်း၊ အချိန်ကန့်သတ်ထားလည်း အတွေးမြင်သစ် ၅ ခု၊ ၁၀ ခု စသည်ဖြင့် ချက်ချင်းထွက်နိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါသည်။
(ဂ) Collaboration (ပူးပေါင်းဆောင်ရွက်မှု)
ကျောင်းသားများသည် အခြားသူများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း ပြုလုပ်တတ် လာမည်ဖြစ်သည်။ ဥပမာ- အရိုးရှင်းဆုံးနည်းလမ်းမျိုးနဲ့ အမြင်၊အကြံပြုချက်တွေကို တိတိကျကျပြောပြ နိုင်ခြင်း၊ မိမိအလုပ်ကိုအချိန်မှန်အောင်လုပ်ဆောင်နိုင်ခြင်း၊ တစ်ယောက်ချင်း အားသာချက်/ အားနည်းချက်ကို လေးစားပြီးဖြည့်ဆည်းနိုင်ခြင်း စသော အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါသည်။
(ဃ) Communication (ဆက်သွယ်ပြောဆိုမှု)
ကျောင်းသား ကျောင်းသူများသည် အခြားသူများနှင့် အတွေးအမြင်များကို ရှင်းလင်းစွာ ဖော်ပြ နိုင်ခြင်း ပြုလုပ်တတ်လာမည်ဖြစ်ပါသည်။ ဥပမာ- ရှည်ရှည်လျားလျား မပြောဘဲ အချက်အလက်ကို တိတိကျကျ ဖော်ပြနိုင်ခြင်း၊ အပြည့်အဝ နားထောင်ပြီး အဓိပ္ပါယ်မှန်ကန်စွာ သဘောပေါက်နိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အမြင်မတူသော်လည်း လေးစားတန်ဖိုးထားပြီးဆက်သွယ်နိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါသည်။

၂၁ ရာစု သင်ကြားသင်ယူမှု၏ အကျိုးကျေးဇူးများ
(က) ကျောင်းသားများ၏ စိတ်ဝင်စားမှုကို မြှင့်တင်ပေးခြင်း
၂၁ရာစု သင်ကြားသင်ယူမှုပုံစံသည် ရိုးရာပုံစံများထက် ကွဲပြားပြီးကျောင်းသားများကို စာသင်ခန်းထဲ တွင် ပိုမိုတက်ကြွစွာ ပါဝင်လာစေပါသည်။ ထိုသို့ပါဝင်ခြင်းဖြင့် ကျောင်းသားများ၏ စိတ်ဝင်စားမှုနှင့် အာရုံ စူးစိုက်မှုကို မြှင့်တင်ပေးနိုင်ပါသည်။
(ခ) နည်းပညာနှင့်ပေါင်းစပ်ခြင်း
ကျောင်းသားများသည်သင်ယူနေသည့်သင်ခန်းစာများကိုဒစ်ဂျစ်တယ်ကိရိယာများ(ကွန်ပျူတာ၊ တက်ဘလက်၊ စမတ်ဖုန်း)ကိုသင်ကြားမှုတွင်အသုံးပြုခြင်း၊ အင်တာနက်မှ အချက်အလက်များရယူခြင်း၊ အွန်လိုင်း သုတေသနပြုလုပ်ခြင်း၊ ပညာရေးဆော့ဝဲများ၊ အွန်လိုင်းသင်ခန်းစာများ၊ ပြဿနာ ဖြေရှင်းရေး ကိရိယာများ အသုံးပြုခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိလာပါသည်။
(ဂ) ဆန်းသစ်တီထွင်မှုနှင့်ပြဿနာဖြေရှင်းခြင်း
ကျောင်းသားများသည်အဖွဲ့လိုက်လုပ်ဆောင်မှုများဖြင့် ဆန်းသစ်သော အိုင်ဒီယာ များရရှိရန်နှင့် အသုံးချတတ်စေရန်အတွက်စမ်းသပ်မူများ တီထွင်မူများ အားပေးခြင်း၊ရှုပ်ထွေးသော ပြဿနာများကို ဝေဖန်ပိုင်းခြားစဉ်းစားခြင်းဖြင့် ဖြေရှင်းနည်းများ ရှာဖွေစေခြင်း တို့ကိုလုပ်ကိုင်တတ်သွားမည် ဖြစ်ပါသည်။
၂၁ ရာစု သင်ကြားသင်ယူမှုပုံစံတွင် ICT ၏ အရေးပါမှု
ICT (Information and Communication Technology) သည် ၂၁ ရာစု ပညာရေးအတွက် ကျောရိုး သဖွယ် အရေးပါသောကဏ္ဍမှ ပါဝင်နေပါသည်။ ၎င်းသည် သင်ယူမှုပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်သည့် စွမ်းအားရှိပြီး ဆရာများနှင့် ကျောင်းသားများအတွက် အခွင့်အလမ်းအသစ်များကို ဖွင့်လှစ်ပေးကာ သင်ကြားမှု နှင့် သင်ယူမှုကို ပိုမိုထိရောက်၊ စိတ်ဝင်စားဖွယ်ကောင်းစေပါသည်။
ICT နည်းပညာ၏ အကျိုးကျေးဇူးများ
(က) သင်ယူမှုအတွေ့အကြုံကြွယ်ဝစေခြင်း
ကျောင်းသားများသည် အင်တာနက်မှစာသား၊ ရုပ်ပုံ၊ အသံ၊ ဗီဒီယို၊ Simulations Application စသည့် နည်းလမ်းပေါင်းစုံဖြင့် သင်ယူနိုင်သည်။ ဥပမာ- Solar System ကို Multimedia ဖြင့် သင်ကြားသည့်အခါ ဒြပ်စင်များအတွက် အကြောင်းအရာများအား diagrams ရုပ်ပုံ (Images) ဖြင့်ရှင်းပြခြင်း၊ ကြယ်များ ဂြိုဟ်များ၏ အာကာသအတွင်း ပတ်လမ်းကြောင်းများအား ဗီဒီယို (Video) ဖြင့်ဖော်ပြရှင်းလင်းခြင်း၊ NASA Solar System Tour Video Simulation (Interactive) အား Solar System 3D Simulation App ဖြင့်ကျောင်းသားများမှ ကြယ်ဂြိုဟ်တွေကို လှည့်ကြည့်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည် ဖြစ်ပါသည်။
(ခ) အချိန်နှင့်နေရာ ကန့်သတ်ချက်မှ လွတ်မြောက်ခြင်း
အွန်လိုင်းမှတစ်ဆင့် ဆရာနှင့် ကျောင်းသားများ တစ်ပြိုင်နက်တည်း သင်ယူဆွေးနွေးခြင်း (Video Conferencing)၊ ကျောင်းသားများသည် ၎င်းတို့၏ သင့်တော်ရာ အချိန်တွင် သင်ခန်းစာဗီဒီယိုများ၊ e-books များကို လေ့လာခြင်း၊ကျေးလက်နှင့် ဝေးလံသော ဒေသရှိ ကျောင်းသားများပါ ထူးချွန်သော ဆရာများ၏ သင်ခန်းစာများကို ရယူနိုင်ခြင်း၊ ကျောင်းသားဗဟိုပြုသင်ယူမှုကိုမြှင့်တင်ခြင်း ရရှိလာနိုင်မည် ဖြစ်ပါသည်။
AIအခြေပြုသင်ယူမှုဆော့ဖ်ဝဲများသည်ကျောင်းသားတစ်ဦးချင်းစီ၏အားသာချက်/အားနည်းချက်များကို ခွဲခြားသိရှိကာ သင့်တော်သော လေ့ကျင့်ခန်းများ ညွှန်းဆိုပေးနိုင်ပါသည်။ ကျောင်းသားများ အတွက် အသုံး ဝင်သော Application များမှာ PhET Simulation (Science)၊ Tinkercad (STEM Circuits + 3D Simulation)၊ GeoGebra (Math)၊ Scratch (Coding)၊ Google Classroom (Assignments & Communication)၊ Canva (Presentations & Creative Projects)၊ Quizizz / Kahoot (Class Engagement)၊ Duolingo (Language Learning) စသည့်တို့ဖြစ်ပြီး လွယ်ကူစွာသင်ယူလေ့လာနိုင်မည် ဖြစ်ပါသည်။
(ဂ) အခွင့်အလမ်းများ
စာအုပ်စာတမ်းချို့တဲ့မှုကို E-books၊ Online Journals များဖြင့် ဖြေရှင်းနိုင်ခြင်း၊ ကျေးလက် ဒေသရှိ ကျောင်းသားများအား အွန်လိုင်းကြိုတင်ရိုက်ကူးထားသော သင်ခန်းစာများ (Pre-recorded Lessons) ဖြင့် သင်ကြားပေးနိုင်ခြင်း၊ အွန်လိုင်းသင်တန်းများ၊ Webinar များမှတစ်ဆင့် ဆရာများအပြန်အလှန်သင်ယူ နိုင်ခြင်း စသည့်တို့ဖြစ်ပြီး လွယ်ကူစွာသင်ယူလေ့လာနိုင်မည် ဖြစ်ပါသည်။
နိဂုံး
၂၁ ရာစု သင်ကြားသင်ယူမှုပုံစံ (21st Century Learning Design) နှင့် ICTနည်းပညာသည် ခေတ်သစ်ပညာရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ICT နည်းပညာများကို အသုံးပြု၍ သင်ကြားသင်ယူမှုကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး ကျောင်းသား များ၏ သက်မွေးပညာအရည်အသွေးကိုမြှင့်တင်နိုင်သည့်အပြင် အနာဂတ်လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် အတွက် အသင့်ကြိုတင်ပြင်ဆင်ထားနိုင်မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။
ရေးသားသူ- ရွှေဆည်သား(TVET)