နေပြည်တော်၊ ဒီဇင်ဘာ ၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ Naypyitaw Polytechnic Institute (NPI) ကျောင်းသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့၊ နံနက်(၉ : ၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw Polytechnic Institute (NPI) မှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများနှင့် ဆရာ၊ဆရာမများ၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့သည်။ ဦးစွာ အဆင့်မြင့်သိပ္ပံနှင့်နည်း ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမီမီချိုထွေး၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဥာဏ်ဝင်းသန်း၊ Naypyitaw Polytechnic Institute (NPI)ကျောင်းအုပ်ကြီး ဒေါက်တာဖြိုးဝေလင်း၊ ပျဉ်းမနားခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး တို့က Naypyitaw Polytechnic Institute (NPI) ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင် က Naypyitaw Polytechnic Instituteဆိုင်း ဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ “နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် Industrial Demand အရ လိုအပ်လျက်ရှိသော အရည်အချင်းပြည့်ဝသည့် မြန်မာနိုင်ငံ အမျိုးသားပညာရေးအဆင့်မူဘောင်Level 4 လက်မှတ်ရများအား နိုင်ငံတကာစံနှုန်းများနှင့်အညီ မွေးထုတ်နိုင်စေရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေ၌ Naypyitaw Polytechnic Institute ကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းရေးဆွဲ နိုင်ရေး၊ လုပ်ငန်းခွင်နှင့်ကိုက်ညီမည့် သင်ထောက်ကူပစ္စည်းများဖြည့်ဆည်းနိုင်ရေးနှင့် Industrial Training များ စေလွတ် နိုင်ရေးကိစ္စရပ်များအတွက် UMFCCI နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများအား ရန်ကုန်မြို့ရှိ UMFCCI အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ ရရှိခဲ့တဲ့အချက်အလက်များနှင့် အကြံပြုချက်များအပေါ်အခြေခံ၍  Qualification Handbook များ ရေးသားပြုစုခြင်း၊ သင်ကြားမည့် ဘာသာရပ်အလိုက် Teaching, Learning and Assessment Manual များ ရေးသားခြင်းနှင့် ကျောင်းသားကိုင် Textbooks ရေးသားပြုစုခြင်းများအား ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ သင်ရိုးညွှန်းတမ်းဆိုင်ရာအချက်အလက်များအား ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အတည်ပြုဆောင်ရွက်ခွင့်ရရှိခဲ့ပြီးဖြစ်ပါကြောင်း” ပြောကြားခဲ့ပြီး၊ ပျဉ်းမနားခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး က ကျေးဇူးတင်စကားပြောကြား ခဲ့သည်။

ဆက်လက်၍ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ)မှ ကျောင်းသား၊ကျောင်းသူများက“မင်္ဂလာပါ”၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) မှ ကျောင်းသား၊ကျောင်းသူများက “သွေးချင်းတိုမြေ”၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) မှ ကျောင်းသား၊ကျောင်းသူများက “သာစွမြန်မာပြည်”၊ “လောကအားမာန်” တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဌေးသွင်က အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြင့်ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြပြီး၊ ဧည့်သည်တော်ကြီးများ က စာသင်ခန်းများ၊ ကွန်ပျူတာခန်းများ၊ ပုံဆွဲခန်းများ၊ လက်တွေ့ခန်းများ၊ ကျောင်းသား၊ကျောင်းသူ အဆောင်များ၊ ထမင်းစားဆောင်များနှင့် အလုပ်ရုံများအား လှည့်လည်ကြည့်ရှုခဲ့ကြပါကြောင်း သတင်းရရှိ သည်။