၁။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍတွင် အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍတို့တွင်သာမက နည်းပညာနှင့်သက်မွေးပညာကဏ္ဍတွင်လည်း ကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအတွက် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သင်ယူမှုအခွင့်အလမ်းတွေကို တိုးချဲ့ပံ့ပိုးဖို့အတွက် ဆောင်ရွက်နေသလို တစ်ဖက်မှာလည်းပဲအရည် အသွေးပြည့်တဲ့ သင်ကြားသင်ယူမှုနဲ့ လေ့ကျင့်ရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနသည်  နိုင်ငံတကာနှင့် မြန်မာနိုင်ငံအမျိုးသားပညာရေးအဆင့်မူဘောင်နှင့်အညီ နည်းပညာနှင့်သက်မွေးပညာကဏ္ဍ Level 3 အခြေခံပညာအဆင့်တွင် နည်းပညာနှင့် သက်မွေးပညာရေးဆိုင်ရာ အထက်တန်းအဆင့်ကျောင်းပညာရပ်အဖြစ်လည်းကောင်း၊ Level 5 ကာလတိုအဆင့်မြင့်ပညာအဆင့်တွင် နည်းပညာနှင့်သက်မွေးပညာရေးဆိုင်ရာ(၃)နှစ် သင်ကြားရသည့် ဒီပလိုမာသင်တန်းများအဖြစ်လည်းကောင်း၊ Level 6 အဆင့်မြင့်ပညာအဆင့်တွင် ဘွဲ့သင်တန်းများအဖြစ်လည်းကောင်း သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၃။ အခြေခံပညာအထက်တန်းအဆင့် (KG + Grade 12) ကျောင်းသား၊ကျောင်းသူ အများစုသည် အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်၍ High School Completion Certificate ရရှိပြီးသော်လည်း တက္က သိုလ်ဝင်တန်းစာမေးပွဲမအောင်မြင်ကြသဖြင့် ပညာသင်ယူမှုအခွင့်အလမ်းများဆုံးရှုံးလျက်ရှိနေသည့်အတွက် နိုင်ငံတော်အကြီးအကဲက ပညာသင်ယူမှုအခွင့်အလမ်းများဆုံးရှုံးမှုမရှိစေရေး စီစဉ်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

၄။ အဆိုပါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် နိုင်ငံတစ်ဝန်းရှိစက်ရုံ၊အလုပ်ရုံများနှင့်တည်ဆောက် ရေးလုပ်ငန်းများတွင် Industrial Demand အရ လိုအပ်လျက်ရှိသော အရည်အချင်းပြည့်ဝသည့် National Qualification Framework (NQF) Level 4 အဆင့် လက်မှတ်ရများအား နိုင်ငံတကာစံနှုန်းများနှင့် အညီ မွေးထုတ်နိုင်ရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေ၌ Naypyitaw Polytechnic Institute ကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

၅။ Naypyitaw Polytechnic Institute တွင် အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်၍ တက္ကသိုလ်ဝင်တန်းဖြေဆိုဖူးသူများ၊ အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းများမှ အောင်မြင်သူများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ အောင်မြင်သူများကို NQF Level-4  အဆင့် ပညာသင်ကာလ(၁)နှစ်ဖြင့် အထူးပြုဘာသာရပ် (၁၀) ခုအား သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ပြီး ဖြေဆိုအောင်မြင်သူများကို Technical Foundation Diploma Certificate လက်မှတ် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

၆။ Level-4 အဆင့် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများသည် မြေတိုင်းတာခြင်း၊ ဆိုလာစနစ်တပ်ဆင်ခြင်း၊ စက်မှုလုပ်ငန်းသုံးစက်ပစ္စည်းများထိန်းချုပ်မောင်းနှင်ခြင်း၊ သတ္ထုပစ္စည်းတပ်ဆင်ထုတ်လုပ်ခြင်း၊ ဝဘ်ဆိုက်ဖန်တီးခြင်းနှင့် နည်းပညာအသုံးချခြင်း၊ ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့်ကွန်ယက်များချိတ်ဆက်ခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်သွယ်တန်းခြင်း၊ လယ်ယာသုံးစက်ယန္တရားများအသုံးပြုခြင်း၊ အစားအသောက် ပြုပြင်ထုတ်လုပ်ခြင်း၊ ပလတ်စတစ်နှင့်ရာဘာထုတ်လုပ်ခြင်းစသည့် အလုပ်အကိုင်နယ်ပယ် (၁၀) မျိုးတွင် ကျွမ်းကျင်စွာ ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

၇။ မြေတိုင်းတာခြင်းဘာသာရပ်တွင် Surveyor တစ်ယောက်အနေဖြင့် အခြေခံလိုအပ်ချက်များဖြစ်သောလမ်း၊ တံတားအဆောက်အဦများ တည်ဆောက်ရာတွင် တိကျသောတိုင်းတာမှုများ ပြုလုပ်နိုင်မည့်အပြင် Theodolite, Total Station စသည့် ခေတ်မီတိုင်းထွာရေးကိရိယာများကို ကျွမ်းကျင်စွာအသုံးပြုနိုင်မည် ဖြစ်ပါသည်။ မြေနေရာနယ်နိမိတ်အမျိုးအစားများကိုတိုင်းတာ မြေပုံရေးဆွဲခြင်းများဖြင့် ကျေးရွာနှင့်မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြေတိုင်းနှင့်ပတ်သက်သော အစိုးဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် Land Surveyor တစ်ယောက်အနေဖြင့် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

၈။ ဆိုလာစနစ်တပ်ဆင်ခြင်းဘာသာရပ်သင်ကြားတတ်မြောက်ပြီးပါက Solar Installation and Maintenance Company များတွင် Junior Engineer (သို့မဟုတ်) Junior Installer များအ နေဖြင့်ဝင်ရောက်လုပ်ကိုင်နိုင်ပြီး ဆိုလာ On-Grid, Off-Grid နှင့် Hybrid (ဆိုလာ + National Grid) စသည့် PV စနစ်များ တပ်ဆင်ရာတွင် ဆောင်ရွက်သော Wiring Installationလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်း၊ ဆိုလာ Battery များ၏ လုပ်ငန်းစဉ်များကို သေချာစွာနားလည်ပြီး PV စနစ်အား ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၉။ စက်မှုလုပ်ငန်းသုံးစက်ပစ္စည်းများ ထိန်းချုပ်မောင်းနှင်ခြင်းဘာသာရပ်တွင် မော်တာများ ၊ စက်ပစ္စည်းများကို လျှပ်စစ်အန္တရာယ်ကင်းဝေးစွာဖြင့် စနစ်တကျ ထိန်းချုပ်မောင်းနှင်နိုင်မည့် အပြင် Motor Control Panel များ ထုတ်လုပ်ခြင်း၊ စစ်ဆေးပြုပြင်ခြင်း စသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်းကောင်း၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများတွင် Operator အဖြစ်လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး Motor များ၏ Maintenance ပိုင်း ကျွမ်းကျင်ပညာရှင်အဖြစ်လည်းကောင်း ဝင်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

၁၀။ သတ္ထုပစ္စည်းတပ်ဆင်ထုတ်လုပ်ခြင်းဘာသာရပ်တွင် Machine Drawing, Material Selection များကို သိရှိနားလည်ခြင်း၊ Welding Machine (SMAW, GTAW)များ၊ Thermal Cutting Process များ၊ Welding Equipment and Tools များအသုံးပြု၍ သတ္တုပစ္စည်းများကို ဖြတ်တောက်ခြင်း (Cutting)၊ ကွေးခြင်း (Bending)၊ တွဲဆက်ခြင်း(Joining)၊ တပ်ဆင်ခြင်း (Assembling) လုပ်ငန်းစဉ်များကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်လိုက်နာတတ်မှု Safety Procedures များအား ကောင်းမွန်မှန်ကန်စွာ လိုက်နာဆောင်ရွက်တတ်ခြင်း၊ Welding Hand tools နှင့် Measuring Instrument များကို စနစ်တကျအသုံးပြုတတ်ခြင်း စသည့် လုပ်ဆောင်ချက်များအား  လုပ်ကိုင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ပြင်ပစက်မှုလုပ်ငန်းများ၊ အစိုးရဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ပြင်ပ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် သင်္ဘောကျင်းများတွင် ကျွမ်းကျင်စွာဝင်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ 

၁၁။ ဝက်ဘ်ဆိုက်ဖန်တီးခြင်းနှင့် နည်းပညာအသုံးချခြင်းဘာသာရပ် သင်ကြားတတ်မြောက်ပြီးပါက Assistant Web Developer တစ်ယောက်အနေဖြင့် senior web developer များနှင့်ပူးပေါင်းပြီး အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းများတွင် ဝက်ဘ်ဆိုက်များနှင့် ဝက်ဘ်အက်ပလီကေးရှင်းများကို ဒီဇိုင်းဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့်ထိန်းသိမ်းခြင်း၊ HTML, CSS အသုံးပြု၍ Front-end Development လုပ်ဆောင်ခြင်း၊ Server-side Programming Languages (PHP) အသုံးပြု၍ Back-end Development လုပ်ဆောင်ခြင်း၊ Database များ (MySQL) ကို စီမံခန့်ခွဲခြင်းနှင့် Web Applications နှင့် ပေါင်းစပ်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

၁၂။ ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့် ကွန်ယက်များချိတ်ဆက်ခြင်းဘာသာရပ်တွင် ကွန်ပျူတာကွန်ယက်များကို တပ်ဆင်ခြင်း (installation)၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြစ်ချက်ရှာဖွေခြင်းကို ဆောင်ရွက်နိုင်ပြီး ကွန်ယက်မှန်ကန်စွာ လုပ်ဆောင်နိုင်မှုနှင့် လုံခြုံမှုစနစ်ကောင်းမွန်စေခြင်း၊  အသုံးပြုသူ(Clients)များကို နည်းပညာဆိုင်ရာပံ့ပိုးမှုပေးခြင်းနှင့် ကွန်ယက်စနစ်များ (Local Area Networks – LAN, Wide Area Networks – WAN) နှင့် အခြားဒေတာဆက်သွယ်ရေးကွန်ယက်များကို တည်ဆောက်နိုင်ခြင်း၊ ပြစ်ချက်ရှာဖွေခြင်းများကို လုပ်ဆောင်နိုင်ပါမည်။ အသုံးပြုသူ(Clients)များအား နည်းပညာဆိုင်ရာ အကူအညီပေးခြင်း၊ ဟာ့ဒ်ဝဲ (Hardware) နှင့် ဆော့ဖ်ဝဲ (Software) ပြဿနာများကို ဖြေရှင်းခြင်း၊ ကွန်ပျူတာစနစ်များနှင့် ကွန်ယက်များ(Networks) ကို စီမံခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ IT စနစ်များကို အဆင်ပြေစွာလည်ပတ်စေရန်ကူညီပံ့ပိုးမှုများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၁၃။ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်သွယ်တန်းခြင်းဘာသာရပ် သင်ကြားပြီးမြောက်ပါက စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်များတွင် Electrical Hand Tools များ၊ Equipment များ၊ Connecting Material များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်အသုံးပြုတတ်ခြင်း၊ လျှပ်စစ်သွယ်တန်းခြင်း Wiring Installation အတွက် လိုအပ်သောပစ္စည်းများကို တွက်ချက်ခြင်း၊ စက်မှုလုပ်ငန်းသုံးလျှပ်စစ်ပစ္စည်းများကို ထိန်းချုပ်ခြင်း၊ တိုင်းတာစစ်ဆေးခြင်း၊ ပြုပြင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

၁၄။ လယ်ယာသုံးစက်ယန္တရားများအသုံးပြုခြင်းဘာသာရပ်တွင် ထွန်စက်နှင့် အသေးစားလယ်ယာသုံးစက်များနှင့် ဆက်စပ်နေသော  Units များကိုသိရှိနိုင်ခြင်း၊ တပ်ဆင်အသုံးပြုမည့် Implements နှင့် Equipment များကို နားလည်သိရှိပြီး လက်တွေ့တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ပြုပြင်ထိန်းသိမ်းနိုင်ခြင်း၊ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နိုင်ခြင်းစသည့် စက်မှုလယ်ယာကဏ္ဍများတွင် ကျွမ်းကျင်စွာလုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

၁၅။ အစားအသောက်ပြုပြင်ထုတ်လုပ်ခြင်း ဘာသာရပ်တွင် အစားအသောက်သိပ္ပံ၏ အခြေခံအသိပညာများအား သိရှိနားလည်နိုင်မည့်အပြင် ခေတ်မီနည်းပညာများကို အသုံးပြု၍ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ကိုက်ညီသည့် စားသောက်ကုန်များကို စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်သော နည်းပညာရှင်များအဖြစ် ဆောင်ရွက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

၁၆။ ပလတ်စတစ်နှင့်ရာဘာထုတ်လုပ်ခြင်း သင်တန်းဆင်းများသည် ပလတ်စတစ်နှင့်ရာဘာထုတ်လုပ်မှုလုပ်ငန်းများတွင် ကုန်ကြမ်း၊ ကုန်ချောထုတ်လုပ်မှု စနစ်များကို နားလည်တတ်ကျွမ်းစွာလုပ်ကိုင်နိုင်မည်ဖြစ်ပြီး ရာဘာနို့စေး ထုတ်လုပ်မှုမှစ၍ ရာဘာကုန်ကြမ်းများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်သော အတတ်ပညာရှင်များအဖြစ် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

၁၇။ အဆိုပါ NQF Level 4 အဆင့် သင်တန်းများ၌ သတ်မှတ်ချက်များနှင့်အညီ  အောင်မြင်သူများကို NQF Level 5 အဆင့် ဒီပလိုမာသင်တန်းများသို့ အထူးပြုဘာသာရပ် (၁၀)ခုအား ပညာသင်ကာလ(၂)နှစ်ဖြင့် ဆက်လက်လေ့ကျင့်သင်ကြားသွားမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းဖြင့် ဖြေဆိုအောင်မြင်သူများကို Diploma in Engineering  ဒီပလိုမာလက်မှတ် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

၁၈။ Level 5 အဆင့် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများသည် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သတင်းအချက်အလက်စနစ်အင်ဂျင်နီယာ၊ တွက်ချက်မှုနည်းပညာ၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာ၊ စက်မှုလယ်ယာနည်းပညာ၊ အစားအသောက်နည်းပညာ၊ ပလတ်စတစ်နှင့်ရာဘာနည်းပညာစသည့် အလုပ်အကိုင်နယ်ပယ်(၁၀)မျိုးတွင် ကျွမ်းကျင်စွာဝင်ရောက် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

၁၉။ နိုင်ငံတကာအင်ဂျင်နီယာမဟာမိတ်အဖွဲ့ (IEA)၏ အင်ဂျင်နီယာပညာရေးဆိုင်ရာ သဘောတူညီချက်များအပေါ်လေ့လာဆန်းစစ်ပြီး ရလဒ်အခြေပြု (Outcome-based Education) ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ Level 3၊ Level 4၊ Level 5 နှင့် Level 6 အဆင့် သင်တန်းများ၏ တစ်ဆင့်မြင့်သင်တန်းများအတွက် Skilled Worker မှ Technician၊ Technologist နှင့် Engineer အထိ ဆက်လက်သင်ယူလေ့လာနိုင်မည့် Academic Pathway များဖော်ထုတ်ထားရှိပြီး ဖြစ်ပါသည်။

၂၀။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် Naypyitaw Polytechnic Institute ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ညီနောင်အသင်းများ၊ လုပ်ငန်းရှင်ကြီးများဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းနှင့် လက်ရှိလုပ်ငန်းခွင် လိုအပ်ချက်များ Industrial Demand နှင့်အညီ သင်ရိုးများဖြစ်စေရေး ဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပါသည်။

၂၁။ သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းပြုစု‌ရေးအဖွဲ့သည် Qualification Handbook များ ရေးသားပြုစုခြင်း၊ ဘာသာရပ်တစ်ခုချင်းစီအလိုက် Teaching, Learning and Assessment Manual နှင့် Course Manual များ ရေးသားပြုစုခြင်း၊ NPI ကျောင်းတွင် သင်ကြားပို့ချပေးမည့် ကျောင်းသားကိုင် စာအုပ်အတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘာသာရပ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်ဆရာကြီး၊ ဆရာမကြီးများက အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ရေးသားပြုစုခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

၂၂။ Naypyitaw Polytechnic Institute တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသားကိုင်ပုံနှိပ်စာအုပ်များ၊ ပုံဆွဲနည်းပညာတွင် အသုံးပြုရန် သင်ထောက်ကူ Drawing Tools Set နှင့် Drawing Paper များ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နည်းပညာဆိုင်ရာ စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။

၂၃။ Naypyitaw Polytechnic Institute တွင် Level 4(၁)နှစ်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်းဖြင့် အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်းလက်မှတ်ရရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် ပညာသင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်းနှင့် နိုင်ငံတော်ရဲ့ ဒေသတွင်းစက်မှုလုပ်ငန်းများ၏ လိုအပ်ချက်နှင့်အညီ ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မည် ဖြစ်ပါသည်။

၂၄။ သို့ဖြစ်ပါ၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာနသည် ‘နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့’ ဟူသော နိုင်ငံတော်အကြီးအကဲ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဆောင်ပုဒ်နှင့်အညီ Workplace တွင်အမှန်တကယ်လိုအပ်နေသော စက်မှုလက်မှုလုပ်ငန်းခွင်များတွင် သင်တန်းဆင်းကျောင်းသား၊ကျောင်းသူများ ကျွမ်းကျင်စွာ ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် Level 4 အဆင့် အခြေခံပညာလွန်၊ အဆင့်မြင့်ပညာပေါင်းကူးသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါသည်။