နေပြည်တော်၊ ဒီဇင်ဘာ ၂၀

အိန္ဒိယနိုင်ငံ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “မြန်မာ့ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား Slow Pyrolysis ပြုလုပ်ပြီး Tar-Free and Dry Type Gasification ဖြစ်စဥ်အား စမ်းသပ်လေ့လာခြင်းစီမံကိန်း” မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက် (Quick Impact Project-QIP) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နေ့လယ်(၂:၀၀)နာရီအချိန်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအ နားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur နှင့် အိန္ဒိယသံရုံးမှ ကိုယ်စားလှယ်များ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ ဇီဝ နည်းပညာသုတေသနဦးစီးဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာနမှ ညွှန်ကြားရေးမှူး၊ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)မှ ကျောင်းအုပ်ကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့်ကျောင်းများမှကျောင်းအုပ်ကြီးများ၊ QIP Project အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ Deputy Chief of Mission၊ Mr. Ashish Sharma က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်က QIP Project အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဒေါက်တာဇင်သူအောင်က “လယ်ယာစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား Slow Pyrolysis ပြုလုပ်ပြီး Tar-Free and Dry Type Gasification ဖြစ်စဥ်အား စမ်းသပ်လေ့လာခြင်းစီမံကိန်း”အား Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး QIP စီမံကိန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို Video ဖြင့် တင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများမှ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြပြီး ဧည့်သည်တော်ကြီးများက QIP Project စီမံကိန်းလုပ်ငန်းခွင်သို့  လှည့်လည်ကြည့်ရှုခဲ့ကြပါကြောင်း သတင်းရရှိပါသည်။