နိဒါန်း

နည်းပညာအသစ်များ၏ ပေါ်ပေါက်ခြင်း၊ ကျောင်းသားများ၏ လိုအပ်ချက်များ ပြောင်းလဲလာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်မှုလိုအပ်ချက်များသည် ယနေ့ခေတ်ပညာရေး၏ “သင်ကြားပုံ” နှင့် “သင်ယူပုံ” ကိုအမြဲပြောင်းလဲနေစေပါသည်။ အခုခေတ် စာသင်ခန်းများသည် ယခင်ကကဲ့သို့ တစ်နေရာတည်းတွင် ကန့်သတ်ထားသော နေရာများမဖြစ်တော့ပါ။ ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းရှိ သင်ယူသူများအား ချိတ်ဆက် ပေးနိုင်သော ဒီဂျစ်တယ်ပတ်ဝန်းကျင်များသို့ တဖြည်းဖြည်း ချဲ့ထွင်လာနေပါသည်။ထို့ကြောင့် အနာဂတ် ပညာရေးသည် ပုဂ္ဂိုလ်ရေးအခြေခံသင်ကြားမှု(Personalisation)၊ ပူးပေါင်းဆောင်ရွက်မှု (Collaboration) နှင့် အလုပ် အကိုင်အတွက် ပြင်ဆင်မှု (Career Readiness) တို့ကို အခြေခံ၍ တိုးတက်လာနိုင်မည် ဖြစ်ပါသည်။

ရည်ရွယ်ချက်များ

  • – ကမ္ဘာအနှံ့ ပညာရေးစနစ်များ ပြောင်းလဲလာခြင်း၏ အကြောင်းရင်းများကို လေ့လာရန်။
  • – နည်းပညာအသစ်များက သင်ကြားပုံနှင့် သင်ယူပုံအပေါ် သက်ရောက်မှုကို ရှင်းလင်းဖော်ပြရန်။
  • – ပညာရေးစနစ်တိုးတက်ပြောင်းလဲမှုအပေါ် လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကိုသုံးသပ် တင်ပြရန်။

ဆန်းသစ်သော ပညာရေးစနစ် သင်ကြားမှုနည်းလမ်းအသစ်များ

ယနေ့ခေတ်တွင် ပြောင်းလဲလာသော နည်းပညာနှင့်အတူ ကျောင်းသား၊ကျောင်းသူတို့၏ လိုအပ်ချက်များ၊အလုပ်အကိုင်ရရှိစေရေးပေါ်မူတည်၍ ပညာရေးစနစ်များ ပြောင်းလဲလျက်ရှိပါသည်။ လူသားဉာဏ်ရည်တူ မှတ်ဉာဏ်တု AI နည်းပညာမှစ၍ ကျွမ်းကျင်မှုကို အ‌ခြေခံသည့် Microlearning တိုင်အောင် ပညာရေးစနစ်များ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလျက်ရှိပါသည်။

အနာဂတ်သင်ယူမှုနှင့် အလုပ်အကိုင်လောကကို ပြောင်းလဲသည့် သင်ကြားမှုနည်းလမ်းအသစ် များသည် ကျောင်းသား၊ ဆရာ၊ နည်းပညာနှင့် လူ့အဖွဲ့အစည်းများအတွက် အခွင့်အလမ်းအသစ်များ ဖန်တီး ပေးနေပါသည်။ အနာဂတ်စာသင်ကြားရေးကို တိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို တိုးတက်ကောင်းမွန်စေမည့် စာသင်နည်းစနစ်ငါးမျိုးကို လေ့လာနိုင်ပါသည်။

အဓိကအချက်များ –အနာဂတ်ပညာရေး၏ အပြောင်းအလဲငါးမျိုး

(၁) ကိုယ်ပိုင်စိတ်ကြိုက်လိုက်လျောညီထွေသင်ယူမှု (Personalized Adaptive Learning)

(၂) ပေါင်းစည်းသင်ကြားမှုနှင့် အွန်လိုင်းစာသင်ခန်းများ ( Blended and Online Classrooms)

(၃) ကျွမ်းကျင်မှုအခြေပြုနှင့် အလုပ်အကိုင်အခြေပြု ပညာရေး  

(Skill-based and Career- focused Education)

(၄) နည်းပညာနှင့် AI ပေါင်းစည်းအသုံးပြုခြင်း (EdTech and AI Integration)

(၅) အမြဲတမ်းလေ့လာမှုနှင့် မိုက်ခရိုသင်ကြားမှု (Lifelong and Microlearning Culture)

ပညာရေးစနစ်အသစ်များသည် တစ်ဦးချင်းစီ၏ စွမ်းရည်ကို အပြည့်အဝအသုံးချနိုင်ရန်အတွက် နည်းပညာနှင့်လူ့အဖွဲ့အစည်းတို့ကို ပေါင်းစည်းပေးနေပါသည်။ “သင်ကြားပုံ” သည် ယခင်အချိန်က စာသင်ခန်းတစ်ခုသာဖြစ်သော်လည်း ယနေ့ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ သင်ယူမှုပတ်ဝန်းကျင်တစ်ခုပုံစံ ဖြစ်လာနေပါသည်။

(၁) ကိုယ်ပိုင်စိတ်ကြိုက်လိုက်လျောညီထွေသင်ယူမှု (Personalized Adaptive Learning)

သင်ယူသူတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်၊ စိတ်ဝင်စားမှုနှင့် လေ့လာပုံအပေါ် မူတည်ပြီး သင်ကြားမှုအကြောင်းအရာများကို AI နည်းပညာဖြင့် အလိုအလျောက် ချိန်ညှိပေးသော စနစ်ဖြစ်ပါသည်။ သင်ယူသူကို ကိုယ်ပိုင်အချိန်နှင့်အတိုင်း သင်ယူခွင့်ပေးပြီး၊ ဆရာများအတွက်လည်း သင်ကြားမှု တိုးတက်မှု ကို ချက်ချင်းသိစေနိုင်ပါသည်။ Digital Platform များမှတဆင့် မည်သည့်နေရာမဆို သင်ယူနိုင်သော အခွင့်အလမ်းလည်းပေးနိုင်သဖြင့် ပညာရေး၏ ဒစ်ဂျစ်တယ်ပြောင်းလဲမှုတွင် အရေးပါသော နည်းပညာတစ်ခု ဖြစ်သည်။ ဤနည်းစနစ်များကြောင့် ကျောင်းသားများအနေဖြင့် မိမိ၏ အားသာချက်များ နှင့် အားနည်းချက် များကို အခြေခံပြီး ကိုယ်ပိုင်သင်ကြားလမ်းညွှန်နှင့် တုံ့ပြန်ချက်များကိုရရှိနိုင်ပါသည်။

သင်ယူသူ တစ်ဦးချင်းအလိုက် သင်ကြားပေးခြင်းသည် စာသင်စိတ်ဝင်စားမှုကို တိုးမြှင့်ခြင်း၊ အချိန် ကုန်ကျမှုလျှော့ချခြင်းနှင့် သိရှိမှုကို အမြဲတမ်းမှတ်မိနိုင်ခြင်း စသည့်အကျိုးများကို ပေးစွမ်းနိုင်ပါသည်။ AI နည်းပညာသည် ထူးခြားသည့် ပညာရေးနည်းလမ်းအသစ်များကို ဖန်တီးပေးနေပြီး မည်သည့်နိုင်ငံမဆို ပညာရေးအနာဂတ်အတွက် မဖြစ်မနေလိုအပ်သည့် အင်အားတစ်ခုအဖြစ် အရေးပါလာပါသည်။

(၂) ပေါင်းစည်းသင်ကြားမှုနှင့် အွန်လိုင်းစာသင်ခန်းများ ( Blended  and Online Classrooms)

ပေါင်းစည်းသင်ကြားမှုနှင့် အွန်လိုင်းစာသင်ခန်းများ (Blended and Online Classrooms) သည် နည်းပညာနှင့် ပုံမှန်သင်ကြားမှုတို့ကို ပေါင်းစပ်အသုံးပြုသည့် သင်ကြားနည်းအသစ်ဖြစ်ပါသည်။ Covid-19 ကပ်ရောဂါကာလအတွင်း အွန်လိုင်းသင်ကြားမှုသည် ကျောင်းသားနှင့်ဆရာများအတွက် အဓိက အခန်း ကဏ္ဍတစ်ခုအဖြစ် ရပ်တည်လာခဲ့ပြီး ယနေ့အချိန်တွင်လည်း ပုံမှန်သုံးစွဲသည့် ပညာရေးစနစ်အဖြစ် ပြောင်းလဲလာခဲ့ပါသည်။ သုတေသနအရ ကမ္ဘာအနှံ့ရှိ ပညာရေးအဖွဲ့အစည်းများ၏ ၇၄% ခန့်က ၂၀၂၅ နောက်ပိုင်းတွင် ပေါင်းစည်းသင်ကြားမှုစနစ်ကို ဆက်လက်အသုံးပြုမည်ဟု ဖော်ပြထားပါသည်။

ပုံမှန်သင်ခန်းစာများနှင့် အွန်လိုင်းဆွေးနွေးမှုများကို ပေါင်းစပ်သုံးစွဲခြင်းဖြင့် ကျောင်းသားများ အတွက် နိုင်ငံခြားသင်ခန်းစာများ၊ ဒစ်ဂျစ်တယ်လက်တွေ့ခန်းများ၊မည်သည့်နေရာမှမဆို သင်ယူနိုင်သော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါသည်။ထို့အပြင် ဆရာများအတွက်လည်း နည်းပညာကို အသုံးပြုပြီး ကျောင်းသားများ၏ တက်ကြွမှု၊ လေ့ကျင့်ခန်းများနှင့် သင်ယူမှုအဆင့်ကို စနစ်တကျစစ်ဆေးနိုင်ခြင်းဖြင့် သင်ယူသူတစ်ဦးချင်းစီအလိုက် သင်ကြားမှု (Personalized Teaching) ကိုလုပ်ဆောင်နိုင်ပါသည်။ ပေါင်းစည်းသင်ကြားမှုသည် ဗဟုသုတဖွံ့ဖြိုးမှု၊ သင်ယူမှုအချို့အတွက် လွယ်ကူမှုနှင့် သက်ဆိုင်မှုရှိသည့် သင်ကြားရေးနည်းလမ်းအဖြစ် ပညာရေးကဏ္ဍတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်လာပါသည်။

(၃) ကျွမ်းကျင်မှုအခြေပြုနှင့် အလုပ်အကိုင်အခြေပြု ပညာရေး (Skill-based and Career-focused   Education)

ကျွမ်းကျင်မှုအခြေပြုနှင့် အလုပ်အကိုင်အခြေပြု ပညာရေး (Skill-based and Career-focused Education) သည် ယနေ့ခေတ် ပညာရေးကဏ္ဍအတွင်း အရေးပါသော ပြောင်းလဲမှုတစ်ခုအဖြစ် တွေ့မြင် လာရပါသည်။ အဓိကရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် သီအိုရီသာမက လက်တွေ့အသုံးချ နိုင်သောစွမ်းရည်များ၊ အလုပ်အကိုင်အတွက် လိုအပ်သော ကျွမ်းကျင်မှုများကို အကောင်းဆုံး ပေးနိုင်ခြင်း ဖြစ်သည်။

     

တက္ကသိုလ်များနှင့် အွန်လိုင်းသင်ကြားရေးပလက်ဖောင်းများသည် စက်မှုလုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများကို ပြုပြင်တိုးတက်လာပြီး၊ လက်တွေ့အလုပ်အတွေ့အကြုံများ၊ ပရောဂျက်အခြေပြုသင်ကြားမှုများ (Project-based Learning) ကို ပိုမိုအထူးအလေးပေးလာကြပါသည်။ ထို့အပြင် MSMEs (အသေးစားအလုပ်အကိုင်လုပ်ငန်းများ) နှင့် TVET ကဏ္ဍတို့အတွက်လည်း အသုံးဝင် သောနည်းစနစ်ဖြစ်ပြီး၊ လက်တွေ့အခြေပြု သင်ကြားမှုမှတစ်ဆင့် အလုပ်အကိုင်ဖန်တီးမှု နှင့် စွမ်းဆောင်ရည် တိုးတက်မှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပါသည်။ အချုပ်အားဖြင့် စွမ်းရည်အခြေပြုနှင့် အလုပ်အကိုင်အခြေပြု ပညာရေးသည် ယနေ့ခေတ်ပညာရေးစနစ်ကို စက်မှုလိုအပ်ချက်များနှင့်ဈေးကွက်အခြေအနေများနှင့် ပိုမိုသင့်တော်ကိုက်ညီသော သင်ကြားရေးပုံစံအဖြစ် ပြောင်းလဲလာစေပါသည်။

(၄) နည်းပညာနှင့် AI ပေါင်းစည်းအသုံးပြုခြင်း (EdTech and AI Integration)

AI နှင့် EdTech ကို ပညာရေးတွင် ပါဝင်မှုတိုးတက်ရေးနှင့် အသစ်ဆန်းသစ်မှုအတွက် အဓိက အဖြစ် သတ်မှတ်ထားပါသည်။ AI သည် ကျောင်းသားတစ်ဦးချင်းစီ၏ လေ့လာပုံအလိုက် သင်ကြားမှုကို ချိန်ညှိပေးနိုင်ပါသည်။ထို့အပြင် AR (Augmented Reality) နှင့် VR (Virtual Reality) သင်ခန်းစာများသည် သင်ကြားမှုကို ပိုမိုသက်ဝင်လှုပ်ရှားစေပြီး စိတ်ဝင်စားဖွယ် ဖြစ်စေပါသည်။ EdTech နည်းပညာများတွင် ရင်းနှီးမြှုပ်နှံမှု တိုးလာခြင်းကြောင့် နိုင်ငံအနှံ့အပြားတွင် ပညာရေးရရှိနိုင်မှု မြင့်မားလာစေပါသည်။ EdTech နှင့် AI ပေါင်းစည်းအသုံးပြုခြင်းသည် ပညာရေးစနစ်တစ်ခုလုံးကို ဗဟုသုတနှင့် နည်းပညာပေါင်းစပ်သည့် ဆန်းသစ်သော ခေတ်သစ်ပုံစံသို့ ပြောင်းလဲစေပါသည်။

(၅) အမြဲတမ်းလေ့လာမှုနှင့် မိုက်ခရိုသင်ကြားမှု (Lifelong and Microlearning Culture)

အမြဲတမ်းလေ့လာမှုနှင့် မိုက်ခရိုသင်ကြားမှု (Lifelong and Microlearning Culture) သည် ယနေ့ခေတ်ပညာရေးတွင် အရေးကြီးသော အပြောင်းအလဲတစ်ခုဖြစ်လာသည်။ မိုက်ခရိုသင်ကြားရေး (Microlearning) သည် လူတိုင်းအတွက် လျင်မြန်လွယ်ကူသော စွမ်းရည်အသစ်များ သင်ယူနိုင်သော နည်းလမ်းများဖြစ်လာသည်။ ယခင်က တက္ကသိုလ်ဘွဲ့အခြေပြုပညာရေးစနစ်သာ အဓိကဖြစ်ခဲ့သော်လည်း ယနေ့တွင် အဆက်မပြတ်လေ့လာသင်ယူမှု (Continuous Learning) သို့ ပြောင်းလဲလာပါသည်။

ကမ္ဘာ့နာမည်ကြီး Massive Open Online Course (MOOC)  Platform များဖြစ်ကြသည့် edX (http://www.edx.org) ၊ Coursera (https://www.coursera.org) ၊ FutureLearn (https://www.futurelearn.com/) တို့တွင် Microcredential Courses များကို ပို့ချလျက်ရှိပြီး  မိုက်ခရိုသင်ကြားမှု(Microlearning)များသည် အချိန်တိုတိုဖြင့် စီးပွားရေးနှင့်နည်းပညာတိုးတက်မှုကို လိုက်လျောညီထွေဖန်တီးပေးနိုင်ပြီး လူတိုင်း အနေဖြင့် မည်သည့်အသက်အရွယ်မဆို ဆက်လက်တိုးတက် သင်ယူနိုင်သော နည်းလမ်းတစ်ခုဖြစ်လာ ပါသည်။ Lifelong Learning နှင့် Microlearning သည် ယနေ့ခေတ် ပညာရေးတွင် လျင်မြန်မှု၊ သက်ဆိုင်မှုနှင့် တိုးတက်မှုကို အခြေခံသည့် သင်ကြားမှုစနစ်အသစ် ဖြစ်လာသည်။

အကန့်အသတ်မဲ့ သင်ကြားမှု (Learning without Limits)

ပညာရေး၏ အနာဂတ်သည် သက်တမ်းရှိသည့် စနစ်တစ်ခုမဟုတ်တော့ပဲ တက်ကြွ၍ ပါဝင်မှု ပြည့်ဝသော ခေတ်သစ်ပညာရေးတစ်ခုဖြစ်လာပါသည်။ နည်းပညာသည် သင်ခန်းစာနှင့် အလုပ်ခွင်အကြား ချိတ်ဆက်ပေးနေသောကြောင့် ပညာရေးသည် နေရာမရွေးသင်ယူနိုင်သောခရီးတစ်ခု ဖြစ်လာပါသည်။ သင်ကြားမှုအပေါ် စိတ်ဝင်စားမှု၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနှင့် လေ့လာလိုစိတ်ရှိသောကျောင်းသားများ သည် ဆက်လက်၍ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဦးဆောင်မည့် ဆန်းသစ်လူငယ်များဖြစ်လာမည် ဖြစ်ပါသည်။

ဆန်းသစ်သော ပညာရေးစနစ် ၏ အားသာချက်များ

ဆန်းသစ်သော ပညာရေးစနစ်၏ အားသာချက်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

  • – ကျောင်းသားတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် စွမ်းရည်အရ အားနည်းချက်များကို အချိန်မီအာရုံစိုက် ပြီး သင်ယူမှုအရည်အချင်း တိုးတက်စေခြင်း။
  • – အချိန်တိုအတွင်း သင်ယူတိုးတက်မှု မြန်ဆန်စေပြီးအလုပ်အကိုင်လိုအပ်ချက်နှင့် ကိုက်ညီစေရန် အထောက်အကူဖြစ်ခြင်း။
  • – ဒီဂျစ်တယ်ပလက်ဖောင်းများမှတဆင့် ကမ္ဘာအနှံ့ရှိ သင်ယူသူများနှင့် ချိတ်ဆက်နိုင်ပြီး အချိန်နှင့် နေရာကန့်သတ်မှုမရှိဘဲ သင်ယူနိုင်ခြင်း။
  • – နေ့စဉ်အသုံးချနိုင်သည့် သင်ယူမှုနည်းလမ်းများ ပေါင်းစည်းနိုင်ပြီး အချိန်ကုန်ကျမှုနှင့် စိတ်ဖိစိမှုများ လျှော့ချပေးနိုင်ခြင်း။
  • – သင်ယူမှုကို ပိုမိုစိတ်ဝင်စားစေပြီး အကျိုးသက်ရောက်မှုကို မြှင့်တင်နိုင်ခြင်း။

နိဂုံး

နိဂုံးချုပ်အနေဖြင့် အနာဂတ်အတွက် ဆန်းသစ်သောပညာရေးစနစ်များ အသုံးပြုခြင်းသည် ပညာရေးတွင်အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ အရေးပါဆုံးအကျိုးသက်ရောက်မှုမှာ ဆန်းသစ်ခေတ်မီသော သင်ကြားရေးစနစ်များကို TVET သင်ရိုးများတွင် အသုံးပြုသင်ကြားခြင်းအားဖြင့် ကျောင်းသား  များ၏ စွမ်းရည်တိုးတက်လာမှု၊ အချိန်တိုအတွင်း ပညာရပ်အသစ်များလေ့လာနိုင်မှုနှင့် ခေါင်းဆောင်လာနိုင်မှု စသည့်အကျိုးကျေးဇူးများ ရရှိလာနိုင်ပါသည်။ ထို့အပြင် ဒစ်ဂျစ်တယ်ခေတ်တွင် သင်ယူမှုအရည်အချင်း တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် ပိုမိုဖန်တီး ပေးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာကျောင်းသား လူငယ်များအတွက် ဆန်းသစ်သော သင်ကြားရေး စနစ်များကို အသုံးပြုသင်ကြားခြင်းသည် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အထူးတန်ဖိုးရှိသော  အနာဂတ်ပညာရေးအပြောင်းအလဲတစ်ရပ်ပင် ဖြစ်ပါတော့သည်။

Research Team