TVET ဆိုင်ရာသိကောင်းစရာများ

credit to: Dr. Kyu Kyu Swe, DTVE
၁။ TVET Sector ဆိုတာဘာလဲ

အရှင်းဆုံးပြောရရင်တော့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးခြင်းအခန်းကဏ္ဍပါ။ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုရာဝယ် သုတေသနပြုလုပ်ခြင်းနှင့် အဆင့်မြင့်ပညာရေး(ဘွဲ့၊မာစတာ၊ပီအိတ်ချ်ဒီ) ကိုမဆိုလိုပါ။

၂။ အသက်မွေးဝမ်းကျောင်းပညာရပ်တွေမှာဘာတွေပါဝင်နေလဲ

အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍ၌ စက်မှုနည်းပညာသာမက လက်မှုပညာရပ်များပါပါဝင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်တဲ့ပညာရပ်အားလုံးပါဝင်ပါတယ်။ စက်မှုပညာရပ်တွေမှာတော့ ဥပမာအနေဖြင့် အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာများ၊ မော်တော်ယာဉ်စက်ပြင်၊ ရေခဲသေတ္တာ၊ အဲကွန်းပြုပြင်ထိန်းသိမ်းခြင်း၊ သံချည်သံကွေး၊ ဂဟေဆက် စသည်ဖြင့်ပါဝင်ပါတယ်။
ကျွမ်းကျင်မှုအလိုက်ဝန်ဆောင်မှုအမျိုးမျိုး၊ ဟိုတယ်ခရိးသွားနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများ၊ သူနာပြု၊သားဖွားနှင့် ဆေးဝါးကျွမ်းကျင်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ ကွန်ပျူတာနှင့် စာရင်းကိုင်ပညာ၊ အချုပ်အလုပ်၊ စားသောက်ကုန် ထုတ်လုပ်ခြင်းစသည့် အိမ်တွင်းမှုလုပ်ငန်း အတတ်ပညာနှင့်ကျွမ်းကျင်မှုများ စသည့်များ အားလုံးအကျုံးဝင်ပါသည်။ မြန်မာ့ရိုးရာပန်းဆယ်မျိုးသည်ပင်လျင် အသက်မွေးဝမ်းကျောင်းပညာရပ်များတွင်ထည့်သွင်းနိုင်ပါတယ်။

၃။ TVET သင်ကြားရေး၏အဓိကရည်ရွယ်ချက်ကဘာလဲ

အထက်ပါအသက်မွေးဝမ်းကျောင်းပညာရပ်များကိုလုပ်ကိုင်မည့် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးရန်ဖြစ်ပါတယ်။

၄။ ဘယ်သူတွေကသင်ပေးမှာလဲ

သင်ကြားရေးဌာနများအနေဖြင့် အစိုးရဝန်ကြီးဌာနများ(ပညာရေးဝန်ကြီးဌာန၊ စက်မှု၊လျှပ်စစ်စွမ်းအား၊ဆောက်လုပ်ရေး၊ကျန်းမာရေး အစရှိသဖြင့်) မှသာမက ပုဂ္ဂလိကသင်တန်းကျောင်းများပါပါဝင်ပါတယ်။

၅။ဘယ်သူတွေတက်သင့်လဲ

အကြောင်းကြောင်းကြောင့်အဆင့်မြင့်ပညာရေးသင်ယူခွင့်မရသူတွေ တက်သင့်ပါတယ်။ နောက်ပြီး academic အားဖြင့် စိတ်မဝင်စား သော စာသင်ခန်းထဲက ပညာ ရေး ထက် လက်တွေ့ လုပ်ငန်း ကို သာ နှစ်သက် သော လူငယ် တွေ တက်သင့်ပါ တယ်။ ဘွဲ့တစ်ခုရယူထားပြီး အလုပ်အကိုင်ရှာဖွေစဉ်ကာလမှာ လက်တွေ့ကျွမ်းကျင်မှုလိုချင်သူတွေ ပြန်တက်လိုပါကလည်းတက်သင့်ပါတယ်။

၆။ တိုင်းပြည်အတွက်ဘယ်လိုအကျိုးကျေးဇူးတွေရရှိမှာလဲ

အလျဉ်းသင့်၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှရရှိလာသည့်ဗဟုသုတတခုမှာ နိုင်ငံခြားမှလာရောက်ရင်းနှီးမြုပ်နှံမှုများပြုလုပ်တော့မည်ဆိုလျင် နိုင်ငံတစ်ခု၏ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ လုံလောက်သောကျွမ်းကျင်လုပ်သားရှိမှု အစရှိသည်တို့ကိုကြိုတင်လေ့လာလေ့ရှိပါတယ်တဲ့၊ ဒါ့ကြောင့် မိမိတို့နိုင်ငံမှာ လိုအပ်လျက်ရှိသော နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင်လုပ်သားများ လုံလောက်အောင်မွေးထုတ်ပေးရေးမှာ သင်ကြားရေးဌာနများ၏အဓိကတာဝန်ဖြစ်ပါတယ််။ နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင်လုပ်သားများလုံလောက်အောင်မရှိလျင် နိုင်ငံခြားမှလာရောက်ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့်အခွင့်အရေးကိုလက်လွတ်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အသက်မွေးဝမ်းကြောင်း ပညာရေးကဏ္ဍအား စနစ်တကျ မြှင့်တင်ခြင်းဖြင့် မကြာမီကာလတွင် မိမိတိုင်းပြည်အပါအဝင် အာဆီယံနိုင်ငံ အသီးသီးအတွက် ကျွမ်းကျင်လုပ်သား အမြောက်အများကို မွေးထုတ် ပေးနိုင်မှာဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် မြန်မာနိုင်ငံတဝှမး်ရှိ လူငယ်လူရွယ်များအတွက် ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ သိသာစွာ တိုးပွားလာ စေနိုင်သည့် အပြင် တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား၊ စီးပွားရေးနှင့် ဝင်ငွေမြှင့်တင်မှုအားလည်း လွန်စွာအထောက်အကူ ပြုမှာဖြစ်ပါတယ်။