ဒုတိယတန်းစားမဟုတ်သည့် TVET ပညာရေး

ရေးသားသူ ခင်စန္ဒာမြင့်၊ ၂၃ ဇူလိုင်၊ ၂၀၁၆

“နည်းပညာနှင့် သက်မွေးပညာရေးTechnical Vocational Education and Training (TVET)” လို့ ပြောလိုက်မယ်ဆိုရင် 
ယနေ့ခေတ်လူအများစု တွေးထင်လိုက်တာက နည်းပညာတက္ကသိုလ်တွေကိုပါပဲ။ တကယ်တော့ မြန်မာနိုင်ငံမှာ နည်းပညာနှင့်သက်မွေး
ပညာရေးကို  ဦးစီးဌာနတစ်ခုအနေနဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်မှာ ၁၉၇၂ခုနှစ် မတ်လ ၁၅ရက်နေ့ကတည်းက စတင်ဖွဲ့စည်း 
တည်ထောင်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ နည်းပညာ ပြည့်ဝတဲ့ ကျွမ်းကျင်လုပ်သားတွေကို မွေးထုတ်ပေးနိုင်ဖို့အတွက် ရည်ရွယ်
တည်ထောင်ခဲ့ခြင်းပါ။နိုင်ငံတစ်နိုင်ဖွံ့ဖြိုးဖို့၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ဖို့၊ စဉ်ဆက်မပြတ် ရေရှည် တိုးတက်မှု လမ်းကြောင်းအပေါ်
တင်ဆောင်နိုင်ဖို့ဆိုရင် ကျွမ်းကျင်လုပ်အားတွေ အများအပြားလိုပါတယ်။

TVET ပညာရေး ဆိုတဲ့သဘောသဘာဝဟာ လူငယ်တွေ ဝါသနာပါရာ စက်မှု လက်မှု နည်းပညာ အတတ်ပညာရပ်များကို စူးနစ်
 လေ့လာလိုက်စားရင်း ကျွမ်းကျင်ရာ လိမ္မာစေပြီး နိုင်ငံအတွက် သားကောင်း၊ တိုင်းပြည်စီးပွားအတွက် လုပ်အားကောင်းတွေ
 မွေးထုတ်ပေးနိုင်ခြင်းပါ။ Skill၊ Knowledge နဲ့ Attitude ဆိုတဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ ဗဟုသုတအသိအတတ်ပညာပြည့်စုံတဲ့ 
ကျွမ်းကျင်လုပ်သားတွေဟာ တိုင်းပြည်ရဲ့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်ကောင်းတွေ ဖြစ်ပါတယ်။

ဒီလို ရင်းမြစ်အများစုကို နိုင်ငံတကာမှာ တက္ကသိုလ်တွေက မွေးထုတ်ပေးနေတာမဟုတ်ပါဘူး။ ဒီနိုင်ငံ့ကုန်ထုတ်လုပ်အား 
ရင်းမြစ်အတွက် စက်မှု၊ နည်းပညာ သင်တန်းကျောင်းတွေက အဓိကပေးနေတာပါ။ စင်ကာပူနို်င်ငံက Plolytechnic
 ကျောင်းမျိုးနဲ့ သြစတြေးလျနိုင်ငံဆိုရင် Technical and Further Education (TAFE) ကျောင်းလိုမျိုးတွေပါ။ 
 မြန်မာပြည်က လူငယ်များကြား အထက်တန်းအောင်မြင်အပြီးမှာ စင်ကာပူသွားကာ ပိုလီတက္ကနစ်  ကျောင်းတက်ဖို့
 ရေပန်းစားလာခဲ့တာ ဆယ်စုနှစ်တစ်ခုတောင်ကျော်လာပါပြီ။ ဒါပေမယ့် အလားတူ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းတွေ
 မြန်မာပြည်မှာ အထင်ကရ ရှိခဲ့တယ်၊ ဒီလို ကျောင်းတွေက ဆင်းခဲ့တဲ့ ကျောင်းသားဟောင်း အများအပြားဟာ ပြည်တွင်းနဲ့
 နိုင်ငံတကာမှာ အလုပ်ကောင်း၊  နေရာကောင်းတွေယူသူယူ၊ စက်မှုလက်မှုစီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်သူဖြစ် အများကြီး ရှိခဲ့ပါတယ်။

ဟိုအရင်ကဆို အသက်မွေးပညာရေးကျောင်းတွေ၊ စက်မှုလက်မှု သိပ္ပံ ကျောင်းတွေဟာ လူတန်းစားမရွေးသွားရောက် သင်ကြားလိုတဲ့
 နေရာတွေ ဖြစ်ခဲ့ပါတယ်။ စာရေးဆရာ ဒါရိုက်တာ ဆရာ သာဓုသား အဆိုကျော် စာရေးဆရာ ရုပ်ရှင်မင်းသားကြီး သုမောင် 
တစ်ယောက် သူတို့ ခေတ်အခါ သူငယ်စဉ်က ဝါသနာပါရာ နတ်မောက်လမ်း စက်မှုလက်မှု အထက်တန်းကျောင်းကို တက်ခဲ့ပါတယ်။ 
စတီရီယိုခေတ်ဦး အဆိုတော်ကြီး မင်းမင်းလတ်ဆိုလည်း အလားတူပါပဲ။

ဒါပေမယ့် အစိုးရအဆက်ဆက် မူဝါဒပြောင်းလဲမှုများစွာနဲ့အတူ နည်းပညာနှင့် သက်မွေးပညာရေးရဲ့ အခြေအနေဟာလည်း ပြောင်းလဲခဲ့ရပါတယ်။ 
စနစ်မတည်ငြိမ်မှု၊ ချို့ယွင်းမှုနဲ့ အတူ ကျောင်းသားနဲ့မိဘများရဲ့ အမြင်တွေလည်း ပြောင်းလဲကုန်ပါပြီ။

၁၉၉၆ခုနှစ်မှာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ကို ရောက်ရှိခဲ့ပြီးချိန်ကစပြီး TVETပညာရေးရဲ့ အခန်းကဏ္ဍဟာ တဖြည်းဖြည်း
 ပျောက်ကွယ်လာခဲ့ရပါတယ်။ ဘယ်လောက်အထိလဲဆိုရင်နည်းပညာနှင့် သက်မွေး အထက်တန်းကျောင်းနဲ့ ကောလိပ်အရေအတွက်ဟာ 
၁၉၉၆ခုနှစ်ကနေ ၂၀၀၃ခုနှစ်အတွင်း (၆)ကျောင်းသာ ကျန်ခဲ့တော့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

"သင်တဲ့လူတွေရဲ့ အရည်အသွေးကလည်းကျ၊ ခါးဆက်ကလည်းပြတ်သွားတော့ TVET ပညာရေးရဲ့ အခန်းကဏ္ဍက ၁၉၉၆ကတည်းကစပြီး
 မှေးမှိန်သွားခဲ့ပါတယ်။ TVET ပညာရေးအတွက် ဆရာမွေးထုတ်ပေးတာလည်း မရှိတော့ပဲ၊ ဆရာအများစုဟာ နည်းပညာတက္ကသိုလ်က 
ဆင်းလာတဲ့ ဆရာတွေများလာတော့ သူတို့မှာ အင်ဂျင်နီယာတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ သင်တာမျိုးဖြစ်လာပါတယ်။ ဒီတော့
 ကျောင်းသားတွေရဲ့ အရည်အသွေးကလည်းကျဆင်းသွားရပြီး၊ လုပ်ငန်းရှင်တွေဘက်က GTI ကျောင်းဆင်း THS ကျောင်းဆင်းဆိုတာ 
မရှိတော့ဘူးလို့တောင် ထင်လာကြပါတယ်" လို့ မျက်မှောက် နည်းပညာ အထက်တန်းကျောင်းနဲ့ ကောလိပ်တွေရဲ့ အခြေအနေကို 
နည်းပညာနှင့် သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲတွင် ပါဝင်ဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ 
နည်းပညာနှင့်သက်မွေးပညာကျောင်းအုပ်ကြီး  ဒေါက်တာကျော်ကျော်မြင့်က Education Digest ဂျာနယ်ရဲ့ 
သီးသန့်အင်တာဗျူး ပြုလုပ်ရာမှာ ထည့်သွင်းပြောကြားသွားပါတယ်။

နိုင်ငံရဲ့ လက်ရှိစီးပွားရေး၊ လူမှုရေးရာနှင့် အလုပ်သမားစျေးကွက်မှာ အထက်တန်း အင်ဂျင်နီယာတွေချည်း 
လိုအပ်နေတာမဟုတ်ပါဘူး။ စိုက်ပျိုးရေး၊ အထည်အလိပ်၊ စားသောက်ကုန်ထုတ်လုပ်ငန်းနှင့် အခြားသော 
လုပ်ငန်းနယ်ပယ်အသီးသီးမှာပါ နည်းပညာကျွမ်းကျင်လုပ်သားတွေ လိုအပ်နေတာအမှန်ပါ။ ဒါကို ဖြည့်စွမ်းနိုင်ဖို့အတွက် 
Pyramid ပုံစံပညာရေးကို ဖော်ဆောင်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ပစ်ရမစ်ပုံစံပညာရေးဆိုရာမှာ ကျွမ်းကျင်လုပ်သားတွေဟာ 
အဓိကကျပါတယ်။ အဲ့ဒီကမှတဆင့် သူတို့ကို ကြီးကြပ်ကွပ်ကဲမယ့် လုပ်သားတွေ၊ ဒီထက်တစ်ဆင့်မြင့်ရင် နည်းပညာ ကျွမ်းကျင်လုပ်သားတွေ၊
 ပြီးမှ အင်ဂျင်နီယာတွေ စသည်ဖြင့် အဆင့်ဆင့် အခြေခံကို ခိုင်မာအောင် ကျယ်ကျယ်ပြန့်ပြန့် ဇောင်းပေးပြုလုပ်ထားတဲ့ 
ပစ်ရမစ်ပုံစံပညာရေးကို ဖော်ဆောင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ပညာရေးတစ်ဖက်ထဲတင် အောင်မြင်အောင် လုပ်ဆောင်နေလို့ မရပါဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ 
လုပ်သားလိုအပ်ချက်တွေကို သိနိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ 
အရပ်ဘက်နှင့် အစိုးရ လက်တွဲညီညီနဲ ့ ပြိုင်တူဖွံ့ဖြိုးအောင်လုပ်ရမယ့် ပညာရေးဟာ TVET ပညာရေးဖြစ်ပါတယ်။

သို့သော် လက်တွေ့အခြေအနေမှာတော့ လုပ်သားစျေးကွက်လိုအပ်ချက် ဘယ်လောက်ရှိတယ်ဆိုတာကို ကွင်းဆင်းလေ့လာတာ
မျိုးတွေလည်း မလုပ်နိုင်ကြတော့သလို၊ လုပ်ငန်းရှင်တွေအတွက် ဘယ်လိုလုပ်သားတွေလိုအပ်တယ်ဆိုတာကို
 မေးမြန်းမှုတွေလည်း မရှိတော့ဘဲ နည်းပညာနဲ့ သက်မွေးပညာရေးရဲ့ ခါးဆက်ပြတ်လာခဲ့ရပါတယ်လို့ 
 ဒေါက်တာကျော်ကျော်မြင့်က Education Digest ကို ပြောကြားခဲ့ပါတယ်။

လက်ရှိ အစိုးရသစ်လက်ထက်မှာတော့ ဒီလို မှေးမှိန်လာတဲ့ TVETပညာရေးရဲ့ အခြေအနေကို မြှင့်တင်ခြင်းဟာ
 နိုင်ငံမှာ မရှိမဖြစ်အရေးတကြီး လိုအပ်နေတဲ့ အချက်ဖြစ်တယ်ဆိုတာကို၂၀၁၆ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့က နေပြည်တော်ရှိ 
အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC II) တွင်ကျင်းပခဲ့တဲ့ နည်းပညာနှင့် သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးနှီးနှော
ဖလှယ်ပွဲ (TVET Forum) ကြီးကတစ်ဆင့် ထင်ရှားစေခဲ့ပါတယ်။

ဒီပွဲမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “နည်းပညာနှင့်သက်မွေးပညာဟာ ဒုတိယတန်းစား 
ပညာရေးမဟုတ်ကြောင်း၊ ကိုယ့်ဝါသနာဗီဇနဲ့ကိုက်ညီတာကို လုပ်နိုင်ဖို့သင်ကြားတဲ့ ပညာရေးဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကလည်း “နိုင်ငံတကာအဆင့်မီပြီး၊ မြန်မာနိုင်ငံနှင့် လိုက်ရောညီတွေရှိသော 
လုပ်သားစျေးကွက် လိုအပ်ချက်ကို  ဖြည့်ဆည်းပေးနိုင်သည့် နည်းပညာနှင့် သက်မွေးပညာနှင့်လေ့ကျင့်ရေးစီမံခန့်ခွဲမှုစနစ်ဖြစ်
လာအောင် အကောင်အထည်ဖော်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” TVET Forum မှာထည့်သွင်းပြောကြားခဲ့ပါတယ်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(OECT) ရဲ့ အချက်အလက်များအရ မြန်မာနိုင်ငံ၏ အလုပ်လုပ်နိုင်စွမ်းသော 
လုပ်သားအင်အားစုဖြစ်တဲ့ အသက် ၁၅နှစ်က ၆၄နှစ်အတွင်းရှိ လူဦးရေးဟာ လာမည့် ၂၀၃၅ခုနှစ်မှာ သန်း၄၀ ဝန်းကျင်မှာ
ရှိနေမယ်လို့ဆိုထားပါတယ်။ သို့သော်လည်း ၂၀၁၄ခုနှစ်ကကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းရဲ့ အသက်အပိုင်းအခြားအလိုက်
 လေ့လာစမ်းစစ်မှုအရမှာတော့ နည်းပညာနဲ့ သက်မွေးပညာရေးကို တက်ရောက်ပြီးစီးသူ အရေအတွက်မှာ (၆၀,၂၇၀)
 ယောက်သာရှိနေပါတယ်။ တစ်နိုင်ငံလုံး အတိုင်အတာနဲ့ ပြောရမယ်ဆိုရင်တော့ ဝဒသမ ၁၃ရာခိုင်နှုန်းသာရှိတာကြောင့် 
အလွန်နည်းပါးလှပါတယ်။

ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုရင်တော့ အပေါ်မှာပြောခဲ့သလို ပေါ်လစီ အပြောင်းအလဲတွေကြောင့်ရယ်၊ အစိုးရနဲ့ 
ပုဂ္ဂလိကပူးပေါင်းပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အားနည်းခဲ့တာတွေကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ 
TVET ပညာရေးအပေါ်မှာမြင်နေတဲ့ လူထုရဲ့သဘောထားအမြင်တွေ ပြောင်းလဲသွားတာတွေကြောင့်လဲပါပါတယ်။ 
ယခင်ကဆိုရင် ဆောင်းဒါးကျောင်းဆင်း၊ ဂျီတီအိုင်ကျောင်းဆင်းတွေဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ အလုပ်အကိုင် 
အခွင့်အလမ်းတွေပေါများစွာ ရှိနေတဲ့အတွက်  ကျောင်းသားတွေရော မိဘတွေရဲ့အမြင်မှာ ပထမတန်းစား အသက်မွေး
ဝမ်းကျောင်းမှုပညာရေးတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဒီလိုခံယူချက်တွေ  မှေးမှိန်ခဲ့ရပြီး 
ဒီကျောင်းတွေကို စိတ်ဝင်တစားတက်ရောက်ချင်တဲ့ လူဦးရေ ရာခိုင်နှုန်းဟာလည်းကျဆင်းခဲ့ရတာဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်မှာတော့ TVET ပညာရေးနဲ့ပတ်သက်တဲ့ ဥပဒေသစ်တစ်ရပ်ကို ရေးဆွဲပြီး လွှတ်တော်ကိုတင်ပြဖို့အတွက်
 ပြင်ဆင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါ့အပြင်အလုပ်အကိုင် အခွင့်အလမ်းတွေနှင့် ပတ်သက်တဲ့ ဥပဒေတစ်ခုလည်း 
ထွက်လာဖို့ရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးကျော်လွင်က 
Education Digest ကိုပြောကြားခဲ့ပါတယ်။

ဒီလိုဥပဒေနည်းဥပဒေတွေအဆင့်ဆင့် ရေးဆွဲဖို့လိုအပ်သလို၊ တစ်ဖက်မှာလည်း TVET ပညာရေးကထွက်လာတဲ့
 ကျောင်းသားတွေအတွက်  နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်တွေရဖို့ဆိုတာဟာလည်း အရေးတကြီး
လိုအပ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ဒီလိုအပ်ချက်ကို  ဖြည့်ဖို့အတွက်တော့ အလုပ်သမားဝန်ကြီးဌာနက  
၂ဝဝရခုနှစ်မှာစတင်ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့ 
(NSSA) ကဆောင်ရွက်နေပါပြီ။

ကျွမ်းကျင်မှုအတွက် အဆင့်လေးဆင့်ခွဲပြီး လက်မှတ်တွေကို ထုတ်ပေးနိုင်ဖို့အတွက် လုပ်သားစျေးကွက်မှာ 
တကယ်လိုအပ်နေတဲ့ အလုပ်အကိုင် (၁၁)ခုကို စတင်စစ်တမ်းကောက်ယူပြီး လုပ်သား ရဝဝနီးပါးခန့်ကို 
အဆင့်(၁)စာမေးပွဲတွေစစ်ဆေးကာ အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးနိုင်ခဲ့ပါပြီ။

ဒါ့အပြင် အာဆီယံဒေသအတွင်း အသိအမှတ်ပြုနိုင်ဖို့အတွက် ဆောင်ရွက်နေပြီဖြစ်သလို၊ ကမ္ဘောဒီးယား၊ 
လာအို၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် အဆင့်တွေကို 
ညှိနှိုင်းနေကြပြီဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်လာရင်ပဲဖြစ်စေ၊ လွတ်လပ်စွာ 
လုပ်သားစီးဆင်းခွင့် အရဖြစ်စေ၊ ပြည်တွင်းပြည်ပမှာ မိမိတို့ရရှိထားတဲ့ ကျွမ်းကျင်မှုလက်မှတ်တွေနဲ့ 
အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိလာနိုင်တော့မှာဖြစ်ပါတယ်။

"နည်းပညာနှင့်သက်မွေး အထက်တန်းနဲ့ ကောလိပ်ကျောင်းတွေမှာ TVET ပညာရေးကို စိတ်ဝင်စားတဲ့
 ကျောင်းသားလူငယ်တွေကိုသာ လက်ခံသင်ကြားပေးပြီး၊ တစ်လကို ထောက်ပံ့ကြေး ၃၀,ဝဝဝကျပ်ပေး
မှာဖြစ်သလို၊ဘဝတစ်သက်တာ စဉ်ဆက်မပြတ် သင်ယူရေး Life LongLearning အတွက် 
နည်းလမ်းတွေလည်း  ဖော်ဆောင်ပေးသွားပါမယ်။ အလုပ်တစ်ဖက်နဲ့ ဘွဲ့တွေ၊ ဒီဂရီတွေရအောင် 
လုပ်ဆောင်ပေးဖို့တွေလည်းရှိပါတယ်" လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တစ်ယောက်ဖြစ်တဲ့ 
TVET Forum ရဲ့ ဒု-ဥက္ကဌ ဦးကိုကိုလွင်က Education Digest ကို ပြောကြားခဲ့ပါတယ်။

TVET ပညာရေး၊ နည်းပညာနှင့်သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးပညာရပ်ကို ကောင်းစွာ အသုံးချနိုင်ရင် 
တိုင်းပြည်ဟာ အလုပ်လက်မဲ့ လူဦးရေ လျှော့ချနိုင်ကာ တစ်ဦးချင်း ဝင်ငွေများစွာ တိုးတက် စေမှာဖြစ်သလို 
မိသားစုတွေရဲ့ လူနေမှုနဲ့စီးပွား အဆင့်အတန်းလည်း မြှင်တင်နိုင်မှာ ဖြစ်တယ်။ ဒီလို အကျိုးပြုတဲ့ အသက်မွေး
ဝမ်းကျောင်းပညာရေးကဏ္ဍကို လူ့အသိုင်းအဝိုင်းမှာ ပြန်လည်ဦးမော့ လက်ခံလာနိုင်ဖို့ရာ နိုင်ငံတော်ရဲ့ 
အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည် TVET Forum မှာ ပြောကြားခဲ့သလိုပါပဲ။ 
အသက်မွေးဝမ်းကျောင်းပညာရေးကို ဒုတိယတန်းစား ပညာရေးအဖြစ် ကျောင်းသားနဲ့ မိဘများ 
ယူဆနေမှုများ၊ လုပ်ငန်းခွင်အသုံးချခွင့် နည်းပါးနေမှုများ ကနဦး ပပျောက်ဖို့ အရေးကြီးပါတယ်။
 နိုင်ငံတကာရဲ့ နည်းပညာအကူအညီတွေ အမှန်တကယ်လိုအပ်နေသလို  ပြည်တွင်း လုပ်ငန်းရှင်များရဲ့ 
စိတ်ဝင်စားမှု၊ ပူးပေါင်းပါဝင်မှု လိုပါတယ်။ အစိုးရ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်မှာလည်း 
အထက်အောင် ဟန်ချက်ညီညီနဲ့ အသက်မွေးပညာရပ်တွေ ထွန်းကားဖို့ ကျယ်ပြန့်ဖို့ ကြိုးစားရပါမယ်။ 
အလိုအပ်ဆုံးကတော့ အသက်မွေးဝမ်းကျောင်း အတတ်ပညာကျောင်းနဲ့ ပညာရေးဟာ တစ်ဆင့်နိမ့် 
ပညာရေး၊ ကံ့ကော်နံ့မသင်း ဂုဏ်ငယ်တဲ့ အရာလို့ ယူဆနေမှုတွေ လူတိုင်း ပပျောက်ပြီး တိုင်းပြည်ကို 
ဆင်းရဲတွင်းထဲက မ တင်ကယ်ဆယ်ပေးရာ နည်းလမ်းကောင်းတစ်သွယ်အဖြစ် ပြောင်းလဲ မြင်၊ 
အသုံးချနိုင်ဖို့ရာ ဖြစ်ကြောင်း ဒုတိယတန်းစားမဟုတ်သည့် ပညာရေးအဖြစ် TVET ပညာရေးကို 
စုစည်းရေးသားတင်ပြလိုက်ပါတယ်။